ရခိုင်ပြည်နယ် ပထမဆုံး ရထားလမ်း မိုးရွာ၍ ပျက်စီး

ရခိုင်ပြည်နယ် ပထမဆုံး ရထားလမ်း မိုးရွာ၍ ပျက်စီး
by -
ငြိမ်းချမ်း
ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ဖောက်လုပ်သော စစ်တွေ-ရေချမ်းပြင် ရထားလမ်းသည် မိုးသည်းထန်စွာ ရွာသဖြင့် လမ်း၏ အစိတ်အပိုင်းအချို့ ပျက်စီးပြီး ရထားပြေးဆွဲမှုကို ပြီးခဲ့သည့် တပတ်အတွင်း ၂ ရက်ကြာ ရပ်ဆိုင်းခဲ့ရ ...

ဒါကာ (မဇ္ဈိမ)။      ။ ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ဖောက်လုပ်သော စစ်တွေ-ရေချမ်းပြင် ရထားလမ်းသည် မိုးသည်းထန်စွာ ရွာသဖြင့် လမ်း၏ အစိတ်အပိုင်းအချို့ ပျက်စီးပြီး ရထားပြေးဆွဲမှုကို ပြီးခဲ့သည့် တပတ်အတွင်း ၂ ရက်ကြာ ရပ်ဆိုင်းခဲ့ရသည်။

၁၂ မိုင်အရှည်ရှိသော စစ်တွေ-ရေချမ်းပြင် ရထားလမ်းတွင် ရေချမ်းပြင်နှင့် မဲဇလီ ဘူတာအကြားနှင့် နေရာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေဖို့ထားသော ရထားလမ်းအောက်ခံ မြေများ ချိုင့်ဝင်သွားခဲ့သည်။

“အခုတော့ အဲ့ဒီမြေချိုင့်ဝင်သွားတဲ့ နေရာတွေကို သဲအိတ်တွေနဲ့ အစားထိုးပြီး ပြန်လုပ်ထားတဲ့အတွက် ရထားကတော့ ပြန်သွားလို့ ရနေပါပြီ။ ဒါပေမဲ့ နောက်ထပ် မိုးကြီးလာရင် ပြန်ပျက်နိုင်တယ်” ဟု စစ်တွေဒေသခံတဦးက ပြောသည်။

“လမ်းဖောက်ပြီးလို့ တလတောင် မပြည့်သေးဘူး၊ ရထားလမ်းက ပျက်နေပြီလေ။ သူတို့က စေတနာနဲ့ လုပ်တာမှ မဟုတ်တာ။ ဟန်ပြသဘောလောက် လုပ်တော့ ဘယ်လိုလုပ်ပြီး ကြာရှည်ခံမှာလဲ” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ရထားလမ်းဖြစ်သည့် ၁၂ မိုင်ရှည်လျားသော စစ်တွေ-ရေချမ်းပြင် ရထားလမ်းကို ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖောက်လုပ်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကိုယ်တိုင် လာရောက်ဖွင့််လှစ်ပေးခဲ့သည်။

ယင်းရထားလမ်းတွင် စစ်တွေမှ ရေချမ်းပြင်သို့ နေ့စဉ် နံနက် ရ နာရီတွင် တစင်း၊  ၈ နာရီတွင် တစင်းဖြင့် စုစုပေါင်း ၂ ချိန်ပြေးဆွဲပြီး ပြည်တော်သာမှ စစ်တွေသို့ ၅ဝ ကျပ်၊ စစ်တွေတက္ကသိုလ်သို့ ၅ဝ ကျပ်၊ ဝါးပိုင်ကျေးရွာသို့ ၅ဝ ကျပ်၊ တောပူဂျာကျေးရွာသို့ ၁ဝဝ ကျပ်၊ မဲဇလီကျေးရွာသို့ ၁ဝဝ ကျပ်နှင့် ရေချမ်းပြင်သို့ ၁ဝဝ ကျပ်အဖြစ် ရထားခများ သတ်မှတ်ထားသည်။

Most read this week