ခွဲထွက်အဖွဲ့ ပြန်ပူးပေါင်းရန် SSA (တောင်ပိုင်း) က ပြော

ခွဲထွက်အဖွဲ့ ပြန်ပူးပေါင်းရန် SSA (တောင်ပိုင်း) က ပြော
by -
မျိုးကြီး
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့က ၎င်းထံမှ ခွဲထွက်ခဲ့သည့် တပ်ဖွဲ့တဖွဲ့အား မိခင် အဖွဲ့အစည်းနှင့် ပြန်လည် ပူးပေါင်းပါရန် မကြာသေးခင်က တိုက်တွန်းလိုက်သည်။ ၂ဝဝ၆ ခုနှစ်အတွင်း အင်အား ၁ဝဝ ကျော်ဖြင့် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့ ...

ရွှေလီ (မဇ္စျိမ) ။     ။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့က ၎င်းထံမှ ခွဲထွက်ခဲ့သည့် တပ်ဖွဲ့တဖွဲ့အား မိခင် အဖွဲ့အစည်းနှင့် ပြန်လည် ပူးပေါင်းပါရန် မကြာသေးခင်က တိုက်တွန်းလိုက်သည်။

၂ဝဝ၆ ခုနှစ်အတွင်း အင်အား ၁ဝဝ ကျော်ဖြင့် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သည့် တပ်မဟာမှူး ဗိုလ်မှူးကြီး မိန်းစင်၏ ရ၅၈ တပ်ဖွဲ့အား ဇွန်လဆန်းပိုင်းကစ၍ စတင်ကာ SSA (S) က တိုက်တွန်းလိုက်ကာ၊ ယခုလကုန်တွင် နောက်ဆုံးထား ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

ဤသည်မှာ ပြီးခဲ့သည့်လ ၂၄ ရက်နေ့က ရ၅၈ တပ်မဟာမှူး ဗိုလ်မှူးကြီးမိန်းစင်သည် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA (S) တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့အပြီး ကျန်ရှိသည့် တပ်ဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုကြောင်း အဖွဲ့ပိုင် Taifreedom ဝဘ်ဆိုဒ်တွင် ကြေညာထားခြင်း ဖြစ်သည်။

“ကြေညာချက် ထုတ်တာက ကျန်တဲ့ သူ့လက်အောက်က တပ်သားတွေပေါ့၊ ခင်ဗျားတို့မှာ ဘာမှ အပြစ်မရှိဘူးပေါ့၊ မိန်းစင်နဲ့ အကုန်လုံး ပါသွားပြီးပြီ၊ အဲဒါကြောင့် ကောင်းကောင်းမွန်မွန် ပြန်လာပါ၊ ဒါပေမဲ့ ဇွန်လအတွင်းကို လာဖြစ်အောင် လာပါလို့ အဲလို ရေးထားပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

အဖွဲ့ထံ ပြန်လည်လာရောက်ပါက ရာထူးတာဝန် အဆင့်များကို ယခင်အတိုင်း ပြန်လည်အပ်နှင်းသွားမည်ဟု ကြေညာချက်တွင် ပါရှိသည်။

ခွဲထွက်အဖွဲ့ကို ပြန်လည်ပူးပေါင်းရန် ပြောဆိုသည်မှာ ကောင်းမွန်သော လုပ်ရပ်ဖြစ်သော်လည်း တလအတွင်း ပြန်လာရန် ရက်သတ်မှတ်သည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

ဦးစိန်ကြည်က “ပြည်ပမှာ ရှိနေတဲ့ ရှမ်းခေါင်းဆောင်တွေကတော့ ဒီလိုကိစ္စက ကောင်းပါတယ်။ ဒါပေမဲ့ တလထဲနဲ့ အချိန်ပေးလို့တော့ မသင့်တော်ဘူးပေါ့၊ စည်းရုံးပြီးမှ ဖြည်းဖြည်းချင်း လုပ်သွားတာက ကောင်းတယ်လို့ ဒီကိစ္စကို ဝေဖန်တဲ့သူတွေလည်း တော်တော်များများ ရှိတယ်” ဟု ဆိုသည်။

ခွဲထွက် တပ်မဟာ ရ၅၈ သည် ဗိုလ်မှူးကြီးမိန်းစင် သေဆုံးသွားပြီးနောက် ဗိုလ်မှူးအဆင့်ရှိသူ ခေါင်းဆောင် ၂ ဦးက ဆက်လက်ဦးဆောင်ကာ ရှမ်းပြည်တောင်ပိုင်း လဲခြားနှင့် မိုင်းကိုင်မြို့နယ်တွင် အခြေချ လှုပ်ရှားနေသည်။

Most read this week