နယူးဒေလီ (မဇ္စျိမ)။ ။ လူသိများသည့် ကျားသူပုန်များ ခေါ် သီရိလင်္ကာ တမီလ်ခွဲထွက်ရေး လက်နက်ကိုင်များအား မကြာသေးခင်က အပြီးသတ် ချေမှုန်းခဲ့သည့် သီရိလင်္ကာအစိုးရ သမ္မတသည် မြန်မာနိုင်ငံသို့ မကြာမီ သွားရောက် လည်ပတ်မည်။
နှစ် ၆၀ ပြည့် ၂ နိုင်ငံ ဆက်ဆံရေး ထူထောင်သည့် အထိမ်းအမှတ်နေ့တွင် သံတမန်နည်းအရ ဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် မြန်မာပြည်သို့ ၃ ရက်ကြာခရီးစဉ်အဖြစ် သွားရောက်မည်ဟု သမ္မတ Mahinda Rajapaksa က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သဝဏ်လွှာပေးပို့သည်ကို သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီးဌာန အင်တာနက် ဝဘ်ဆိုဒ်တွင် ကိုးကားဖော်ပြ ကြေညာထားသည်။
“မြန်မာနိုင်ငံသို့ ယခုလအတွင်း သွားရောက်မည်ဖြစ်ပြီး၊ နှစ် ၆၀ ပြည့် ဆက်ဆံရေး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အခြားသော များပြားလှသည့် အစီအစဉ်များနှင့်အတူ ၂ နိုင်ငံ အစိုးရများ ဆောင်ရွက်သွားမည်ဖြစ်ကာ၊ ဆက်ဆံရေးများ တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်သွားမည်” ဟု သီရိလင်္ကာ သမ္မတက ပြောကြားကြောင်း အင်တာနက် စာမျက်နှာတွင် ပြောဆိုထားသည်။
ယခုခရီးစဉ်သည် သီရိလင်္ကာမြောက်ပိုင်း ခွဲထွက်ရေး တမီလ်ကျားသူပုန်များ - LTTE အား နှစ်ပေါင်း ၂၀ ကျော် ထိုးစစ်ဆင်ခဲ့ရာမှ ပြီးခဲ့သည့်လအတွင်း အပြီးသတ် နှိမ်နင်းခဲ့ပြီးနောက် သမ္မတ၏ ပထမဦးဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်သည်။
သီရိလင်္ကာအစိုးရနှင့် တမီလ်သူပုန်များအကြား စစ်ပွဲကာလအတွင်း တမီလ် အရပ်သားများ ထောင်နှင့်ချီ၍ ဒဏ်ရာရ သေဆုံးခဲ့ပြီး၊ ထွက်ပြေးပုန်းရှောင်သူ ဦးရေ ၃ သိန်းခန့်သည် သီရိလင်္ကာမြောက်ပိုင်းရှိ စခန်းများတွင် စုပြံုနေထိုင်လျက်ရှိကြောင်း ကုလသမဂ္ဂ၏ စာရင်းဇယား ထုတ်ပြန်ချက်တွင် ခန့်မှန်းဖော်ပြထားသည်။
ကျားသူပုန်များသည် လူ့အခွင့်အရေး လေးစားလိုက်နာမှု မရှိခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှု နည်းလမ်းများဖြစ်သည့် အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်း၊ ကလေးစစ်သား အသုံးပြုခြင်းနှင့် သာမန်အရပ်သားများအား တိုက်ခိုက်လေ့ရှိသဖြင့် ဗြိတိန်၊ အမေရိကန် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က အကြမ်းဖက် တိုက်ခိုက်ရေးသမားများအဖြစ် သတ်မှတ်ထားသည့် လက်နက်ကိုင် လူမျိုးစုအဖွဲ့ ဖြစ်သည်။
သီရိလင်္ကာအစိုးရက ကျားသူပုန်များအား နှိမ်နင်းနိုင်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ စစ်လက်နက် ကူညီပံ့ပိုးမှုကြောင့် ဖြစ်သည်ဟု တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးမြမောင်က မဇ္စျိမကို ယခုလို ပြောသည်။
“အင်အားကြီးတဲ့ LTTE တွေကို အပြတ်တိုက်နိုင်တယ်ဆိုတာ တရုတ်အကူပါလို့ပါ။ မဟုတ်ရင် ဖြိုနိုင်ဖို့ မလွယ်ပါဘူး” ဟု သူက ပြောသည်။
သီရိလင်္ကာအစိုးရက တမီးလ်ကျားသူပုန်များအား အပြီးသတ် ဖြိုခွင်းနိုင်ခြင်းအပေါ် မြန်မာစစ်အစိုးရအနေဖြင့် အားကျနိုင်သော်လည်း ဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ အခြေအနေမှာ တမီလ် ကျားသူပုန်များနှင့် ခြားနားကြောင်း သူက ပြောသည်။
“တိုင်းရင်းသား လက်နက်ကိုင်တွေက အကြမ်းမဖက်ဘူး။ ဒါကြောင့် နိုင်ငံတကာက လက်ခံတယ်။ စစ်အစိုးရရဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကို အစွမ်းကုန် ရက်စက်ကြမ်းကြုတ်တဲ့ နည်းတွေနဲ့ လုပ်လာခဲ့တာ ကမ္ဘာက သိတယ်” ဟု သူက ပြောသည်။
လတ်တလောတွင် မြန်မာစစ်အစိုးရ တပ်များနှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA တို့ ပူးပေါင်းကာ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး - KNU ထိမ်းချုပ်နယ်မြေများအား ထိုးစစ်ဆင်နေသဖြင့် ဒေသခံ ကရင် ၄၀၀၀ ကျော်သည် အိုးအိမ်များ စွန့်လွှတ်ကာ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြရသည်။
ယခုအခါ စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်သို့ ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး၊ ယမန်နေ့ နေ့လယ်ပိုင်းက စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရ အာဘော် သတင်းစာများတွင် ရေးသားဖော်ပြထားသည်။
တချိန်တည်းမှာပင် တတိယ စစ်ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးက တရုတ်နိုင်ငံတွင် ရောက်ရှိနေသည်။
ဤသည်မှာ လက်ရှိ အပစ်ခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား မြန်မာစစ်အစိုးရက နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းလဲရေးအတွက် စည်းရုံးနေစဉ် အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်းအချို့က ငြင်းပယ်မှုများ ရှိနေသဖြင့် တရုတ်နိုင်ငံ၏ အကူအညီများ ရရှိနိုင်ရန် ရောက်နေခြင်းဖြစ်နိုင်ကြောင်း ဦးမြမောင်က သုံးသပ်ပြောဆိုသည်။
“ကချင်၊ ဝ တို့ဆိုတာ တရုတ်နယ်မြေနဲ့ ထိစပ်နေတာဆိုတော့ အဲဒီဘက်ကနေ တစုံတရာ ဖိအားမျိုး ပေးနိုင်မလားဆိုတာ သူတို့ (စစ်အစိုးရ) မျှော်မှန်းနေပုံရတယ်” ဟု သူက ပြောသည်။