ဒေါ်အောင်ဆန်းစုကြည်ကို မဖွယ်မရာ ဓာတ်ပုံများဖြင့် သိက္ခာချသူများရှိ

ဒေါ်အောင်ဆန်းစုကြည်ကို မဖွယ်မရာ ဓာတ်ပုံများဖြင့် သိက္ခာချသူများရှိ
by -
ဆလိုင်းပီပီ
အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ရစေရန်နှင့် စော်ကားရန်အတွက် စစ်အစိုးရ လိုလားသူများဟု ယုံကြည်ရသော အမည်မသိ ပုဂ္ဂိုလ်များက ရိုင်းပျသေးသိမ်သော ဓာတ်ပုံများကို မြန်မာပြည်အလယ်ပိုင်း မြို့များတွင် ဖြန့်ဝေခဲ့ကြ ...

နယူးဒေလီ (မဇ္ဈိမ)။     ။ အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ရစေရန်နှင့် စော်ကားရန်အတွက် စစ်အစိုးရ လိုလားသူများဟု ယုံကြည်ရသော အမည်မသိ ပုဂ္ဂိုလ်များက ရိုင်းပျသေးသိမ်သော ဓာတ်ပုံများကို မြန်မာပြည်အလယ်ပိုင်း မြို့များတွင် ဖြန့်ဝေခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားများ၏ ရင်ခွင်ထဲရောက်နေသယောင် ပြုပြင်ထားသည့် ဓာတ်ပုံများကို သူတို့၏ နေအိမ်ခြံဝင်းများအတွင်း ယနေ့နံနက်ပိုင်းက ပစ်ချခဲ့ကြသည်ဟု မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးမှ ဒေသခံများက ပြောဆိုကြခြင်း ဖြစ်သည်။

Photoshop ဆော့ဝဲဖြင့် ပြုပြင်ထားသည်ဟု ယူဆရသော ပို့စ်ကဒ်ဆိုက်အရွယ် စာရွက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ခြံဝင်းအတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောဟု ယူဆရသောသူနှင့် သူမ၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်ပုံများနှင့် ယှဉ်တွဲဖော်ပြထားသည်။

''ပုံထဲမှာက ဒါလင့်ကို ကျမ လွမ်းတယ်လို့ ရေးထားတယ်။ နောက်တပုံမှာကျတော့ ဒေါ်စုက ယက်တောရဲ့ ရင်ခွင်ထဲ ရောက်နေတဲ့ပုံ လုပ်ထားတယ်'' ဟု ဒေါသထွက်နေသော ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အိပ်ယာမှမနိုးထခင် နံနက်စောစောပိုင်းက သူတို့နေအိမ်ခြံဝင်းအတွင်း ဓာတ်ပုံများကို ကြဲချသွားခြင်းဖြစ်ပြီး မည်သူ့လက်ချက်မှန်း မသိရကြောင်း အဆိုပါ ဒေသခံက ပြောသည်။ သို့သော် သူကမူ ယင်းလုပ်ရပ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း သို့မဟုတ် စွမ်းအားရှင်များသာ ဖြစ်ရမည်ဟု တထစ်ချ စွပ်စွဲလိုက်သည်။

မန္တလေးတိုင်း မြင်းခြံနှင့် မကွေးတိုင်း ကျောက်ပန်းတောင်းတွင်လည်း အလားတူ ဓာတ်ပုံများ ကြဲချသွားခဲ့ကြောင်း သိရသည်။

ဤလုပ်ရပ်သည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို အရှက်ခွဲရန် လုပ်ဆောင်သည့် အောက်တန်းကျသော လုပ်ရပ်အဖြစ် ဒေသခံများက ရှုမြင်ကြသည်။

မြန်မာစစ်အစိုးရက ဂျွန်ဝီလျံယက်တော ပြီးခဲ့သည့် မေလဆန်းက သူမ၏ အင်းယားကန်ဘေး နေအိမ်သို့ တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့သဖြင့် နေအိမ်အကျယ်ချုပ် စည်းကမ်းများကို ချိုးဖောက်သည်ဟုဆိုကာ သူမကို ရုံးတင်စစ်ဆေးနေသည်။

ထိုအတောအတွင်း စစ်အစိုးရ၏ တောတွင်းမြို့တော်သစ် နေပြည်တော်မှ လွှင့်ထုတ်နေသော FM ရေဒီယို အစီအစဉ်ကလည်း ဟာသအစီအစဉ်တခု ထုတ်လွှင့်ရာတွင် အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလော ဖြစ်ရပ်ဖြစ်သော သူမ၏ နေအိမ်အတွင်း မစ္စတာယက်တော မဖိတ်မခေါ် လာရောက်ခဲ့သည့်ကိစ္စကို လှောင်ပြောင်ကာ ထုတ်လွှင့်ခဲ့သည်။

ပိတောက်မြေ FM ရေဒီယို အသံလွှင့်ဌာနမှ အစီအစဉ်တခုနှင့် တခုအကြား အဖြည့်အစီအစဉ်အဖြစ် ယက်တောနှင့် မချော ဆိုသည့် အတင်းအဖျင်းအစီအစဉ်ကို ထုတ်လွှင့်လျက်ရှိသည်ဟု ရန်ကုန်မြို့မှ ဖမ်းယူနားထောင်ခဲ့ရသူများက ပြောသည်။

အဆိုပါ အစီအစဉ်တွင် ဒီမိုကရေစီခေါင်းဆောင်၏ နေအိမ်အတွင်းသို့ လူစိမ်းတယောက် မည်သို့မည်ပုံ ဝင်ရောက်လာခဲ့ကြောင်း ပြောဆိုအသံလွှင့်ခဲ့သည်။

''ဒီရက်တွေအတွင်းကတော့ သူတို့က ဒေါ်စုရဲ့ အချစ်ဇာတ်လမ်းတွေ လွှင့်နေတာပဲ။ ဒီအစီအစဉ်အကြောင်း အသေးစိတ် ကျနော် မပြောချင်ပါဘူး။ ဘာမှလည်း အဓိပ္ပာယ် မရှိဘူး။ ညစ်ညမ်းတာနဲ့ အောက်တန်းကျတာပဲ ရှိတယ်'' ဟု ရန်ကုန်မြို့မှ ပိတောက်မြေ ရေဒီယိုအစီအစဉ်ကို နားဆင်ခဲ့ရသူတဦးက ပြောသည်။

ပိတောက်မြေ FM ရေဒီယိုအစီအစဉ်ကို မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲမှ ၈ နာရီခွဲအထိ တနိုင်ငံလုံးသို့ ထပ်ဆင့်လွွှှင့်စက်ရုံများမှတဆင့် ထုတ်လွှင့်လျက်ရှိသည်။

''ဒီ သရော်လှောင်ပြောင်တဲ့ အစီအစဉ်ကို မိနစ် ၂ဝ လောက် လွှင့်တယ်။ ပြီးရင် သီချင်းတွေ လာတယ်။ ဒီအတိုင်း တလှည့်စီ လာနေတာ'' ဟု အဆိုပါ နားဆင်ခဲ့ရသူက ဆက်ပြောသည်။

ဤသို့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုနေခြင်းမှာ သူမကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်ရန်အတွက် စစ်အစိုးရ၏ အကြောင်းပြချက်တရပ်မျှသာ ဖြစ်ကြောင်း အတိုက်အခံများက ယုံကြည်နေသည်။ မစ္စတာယက်တော၏ အဖြစ်အပျက်ကို အကြောင်းပြုပြီး စစ်အစိုးရ လိုလားသော အုပ်စုများက ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်ရန် ကြိုးပမ်းနေကြသည်ဟု ဆိုကြသည်။

ဤသို့ ရေဒီယိုအစီအစဉ်များနှင့် မဖွယ်မရာ ဓာတ်ပုံများသာမက စစ်အစိုးရလိုလားသော ဘလော့ဂါတဦးက ပြုလုပ်ထားသည်ဟု ယူဆရသော ဘလော့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ယက်တောနှင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားတို့၏ ရုပ်ပြောင်များကို ညစ်ညမ်းပုံများအဖြစ် ဖန်တီးဖော်ပြထားသည်။

ဤဘလော့တွင် ရေးသားထားသောစာ၌လည်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့အစည်းများကို အနောက်လိုလားသူများအဖြစ် ရေးသားထားပြီး မဖွယ်မရာ ရုပ်ပြောင်များဖြင့် ရေးဆွဲထားသည်။

ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် စည်းကမ်းများ ချိုးဖောက်မှုဖြင့် စွပ်စွဲခံရကာ အင်းစိန်ထောင်ရှိ တရားရုံးတွင် တရားစွဲဆိုခံနေရသည်။ သူမ၏ ရှေ့နေများက သူမတွင် အပြစ်မရှိကြောင်း ထုချေထားကြသည်။

ဤသို့ ရုံးတင်တရားစွဲဆိုမှုကို နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင် ဝေဖန်ခဲ့ကြပြီး၊ သူမကို ချက်ချင်း လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ ဤသို့ ဝိုင်းဝန်းပြစ်တင် ဝေဖန်ခဲ့ကြသည့်နိုင်ငံများထဲတွင် အစဉ်အလာအားဖြင့် အဖွဲ့ဝင် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး ဟူသော မူဝါဒကို စွဲကိုင်ထားကြသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများလည်း ပါဝင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရကမူ ထိုသို့ ဝိုင်းဝန်းဝေဖန် တောင်းဆိုမှုများကို အရေးမစိုက်ဘဲ ဤသို့ ရုံးတင်စစ်ဆးနေခြင်းမှာ မြန်မာနိုင်ငံ၏ တရားဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းသာဖြစ်ပြီး ပြည်တွင်းရေး ကိစ္စသက်သက်သာဖြစ်၍ အခြားနိုင်ငံများအနေနှင့် ဝင်ရောက်မစွက်ဖက်သင့်ကြောင်း ပြောဆိုထားသည်။

အတိုက်အခံ အဖွဲ့များနှင့် ဝေဖန်သူများကမူ ဤတရားခွင်သည် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ လူမြင်ကွင်း၌ ရှိမနေစေရန်နှင့် သူမကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းချက်တရပ်မျှသာ ဖြစ်သည်ဟု ရှုမြင်ကြသည်။

(အချို့သော သတင်းအချက်အလက်များကို မဇ္စျိမသတင်းထောက် မြင့်မောင်ထံမှ ရရှိသည်။)

Most read this week