မဇ္ဈိမ (ချင်းမိုင်) ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အား ပြန်လွှတ်ပေးရန် အင်းစိန်ထောင်ရှေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့သူ လေတပ် အငြိမ်းစားဗိုလ်ကြီး ဇော်ညွန့်သည် ယင်းထောင်၌ပင် ဖမ်းဆီးခံထားရကြောင်း သိရသဖြင့် မိသားစုဝင်တဦးက ယနေ့ သွားရောက်ကာ တွေ့ဆုံခွင့်ရရေး လျှောက်လွှာတင်ခဲ့ကြောင်း သိရသည်။
၅၆ နှစ်အရွယ် ဦးဇော်ညွန့်အား အင်းစိန်ထောင်တွင် ဖမ်းဆီးထားကြောင်း နိုင်ငံရေး အကျဉ်းသားများထံ ထောင်ဝင်စာ တွေ့ခဲ့သည့် မိသားစုများမှတဆင့် ကြားသိရသဖြင့် တူဖြစ်သူက ယနေ့တွင် ထောင်ဝင်စာ တွေ့ခွင့်ရရန် လျှောက်လွှာဖြည့်သွင်းခဲ့ခြင်း ဖြစ်သည်။
“တူတယောက်က ပါဆယ်ပို့ဖို့ လျှောက်လွှာတင်ထားတယ်။ ညွှန်ချုပ်ရုံးကို ပို့ထားတယ်။ တွေ့ဖို့ စာပြန်မကျသေးဘူး။ မနက်ဖြန် ပြန်လာဖို့ ပြောတယ်။ မနက်ဖြန်ဆိုတောင် တွေ့ခွင့် ရ၊ မရ မသေချာသေးဘူး” ဟု ဦးဇော်ညွန့်၏ မိသားစုနှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့်လ ၂၈ ရက်နေ့က အင်းစိန်ထောင်ရှေ့ ဆန္ဒပြစဉ် အာဏာပိုင်များက ရိုက်နှက်ဖမ်းဆီးသွားရာ ဦးဇော်ညွန့်သည် သွား ၂ ချောင်းကျိုးကာ လက်ရှိတွင် ကျန်းမာရေး မကောင်းသော်လည်း ဆေးကုသခွင့် မရသေးကြောင်း ထောင်ဝင်စာ တွေ့ဆုံခဲ့သည့် နိုင်ငံရေး အကျဉ်းသား မိသားစုများမှတဆင့် သိရသည်။
Free Daw Aung San Su Kyi စာသား အပါအဝင် တောင်းဆိုချက် ၄ ချက်ကို ၂ ပေပတ်လည်ရှိ ပိတ်စအဖြူပေါ်တွင် ရေးသားကိုင်ဆောင်ကာ သူက ဆန္ဒပြခဲ့သည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်ခဲ့သည့် ၈ ရက်မြောက်နေ့တွင် ဖဲကြိုးများ ဖြန့်ဝေခဲ့သူ အန်အယ်ဒီ ပါတီလူငယ် ကိုထွေးသိန်းအား မိသားစုက ယမန်နေ့၌ ထောင်ဝင်စာ တွေ့ခဲ့သည်။
မနက်ဖြန်တွင် အင်းစိန်မြို့နယ် တရားရုံး၌ စစ်ဆေးရန် ရုံးချိန်းပေးလိုက်ကြောင်း မိသားစုဝင်တဦးက မဇ္စျိမကို ပြောသည်။
ယခုနှစ် မတ်လ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် အန်အယ်ဒီ အဖွဲ့ဝင် ဦးစိန်လှိုင် (စမ်းချောင်းမြို့နယ်) အား ယနေ့တွင် ပထမဆုံး အကြိမ်အဖြစ် ထောင်ဝင်စာ တွေ့ခွင့်ရခဲ့သည်ဟု မိသားစုဝင်တဦးက ပြောသည်။
သူက “ဟုတ်တယ်။ ပထမဆုံး တွေ့လို့ရတာပါ၊ မနေ့က သွားတော့ မတွေ့ရဘူး။ သူက ကျန်းမာနေတယ်။ ၁၅ မိနစ်တော့ စကားပြောဖြစ်ခဲ့တယ်။ ဆေးတော့ မှာလိုက်တယ်။ အရင် အဆုတ်ပွတဲ့ ရောဂါရှိတယ်” ဟု ပြောသည်။
မတ်လအတွင်းကပင် အဖမ်းခံခဲ့ရသူ အန်အယ်ဒီ အဖွဲ့ဝင် ဦးရွှေဂျိုး (လှိုင်မြို့နယ်) နှင့် အန်အယ်ဒီ ဗဟို လူမှုအထောက်အကူပြု အဖွဲ့ဝင် မချို ခေါ် ဒေါ်မြင့်မြင့်စန်း (အလုံမြို့နယ်) သည်လည်း အင်းစိန်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံနေရကြောင်းနှင့် သူတို့အမှုအတွက် ရှေ့နေ ဦးကျော်ဟိုးနှင့် ဦးမောင်မောင်လတ်က ဆောင်ရွက်ပေးမည်ဟု သိရသည်။