ချင်းမိုင် (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ထွက်ဆိုမည့် သက်သေ (၃) ဦးအား ပယ်ချခံထားခြင်းကို ပြန်လည် ခွင့်ပြု-မပြုနှင့် ပတ်သက်၍ ယခုလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။
“ကျနော်တို့ ဒီနေ့ ၃ နာရီမှာ ရန်ကုန်တိုင်း တရားသူကြီးရှေ့မှာ သက်သေ (၃) ယောက်ကို ပယ်တာနဲ့ ပတ်သက်ပြီး တရားလိုရော ကျနော်တို့ဘက်ကရော နှစ်ဘက်က လျှောက်လဲချက် ပေးကြတယ်။ ကျနော်တို့ဘက်ကတော့ ဒါမှားတယ်ပေါ့။ မလုပ်နိုင်ဘူး ပြောတာပေါ့။ ဒီဟာကို အမိန့်ချဖို့ ၉ ရက်နေ့ ညနေ ၃ နာရီကို ချိန်းလိုက်တယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေ အကျိုးဆောင်လည်းဖြစ်သူ ဦးဉာဏ်ဝင်းနှင့် တရားလို (စစ်အစိုးရ) ဘက်က ရန်ကုန်တိုင်း ဥပဒေရုံးမှ ဥပဒေဝန်ထမ်း အဆင့် ၁ ဖြစ်သူ ဒေါ်ခင်မာကြည် တို့က ရန်ကုန်တိုင်းတရားသူကြီး ဦးမြင့်အောင်ထံ နှစ်ဖက် လျှောက်လဲခဲ့ကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လ ၂၇ ရက်နေ့၌ ဒေါ်စုအတွက် သက်သေများအဖြစ် အန်အယ်ဒီအမတ် ဦးကြည်ဝင်း၊ ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ဒေါ်ခင်မို့မို့ တို့ကို အင်းစိန်ထောင်တွင်း တရားရုံးသို့ အမည်စာရင်း တင်သွင်းခဲ့ရာ ဦးကြည်ဝင်းမှအပ ကျန် ၃ ဦးအား ဥပဒေ ပုဒ်မ ၂၅၇ အရ ဟုဆို၍ ပယ်ချခဲ့သည်။
သို့သော် ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးသို့ သက်သေများ ပြန်လည်လက်ခံရေး လျှောက်ထားရာ နှစ်ဖက်ကြားနာရန် ယနေ့သို့ ချိန်းဆိုခဲ့ပြီးနောက် ၉ ရက်နေ့တွင် ဆုံးဖြတ်မည်ဟု တရားရုံးက ယခုလို အမိန့်ချလိုက်ခြင်း ဖြစ်သည်။
အကယ်၍ တရားရုံးက သက်သေများ ထွက်ဆိုခွင့်ရှိသည်ဟု ဆုံးဖြတ်လျှင် ခွင့်ပြုသော သက်သေများသည် အင်းစိန်ထောင်တွင်းပြုလုပ်သော အထူးတရားရုံး (ခရိုင်အဆင့်) တွင် ထွက်ဆိုရမှာ ဖြစ်သည်။
ထို့နောက် နှစ်ဖက်အပြီးသတ် လျှောက်ထားချက် ပြုလုပ်နိုင်မှာဖြစ်ပြီး အမိန့်ချမှုလည်း လိုက်ပါလာမှာ ဖြစ်သည်။
အမှုနှင့်ပတ်သက်၍ တရားလိုသက်သေ ၁၅ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ ၁ ဦးတို့ စစ်ဆေးပြီးစီးသွားပြီ ဖြစ်သည်။
(ထပ်မံ ဖြည့်စွက်ထားခြင်း ဖြစ်သည်။)