စာရေးဆရာ မောင်ဆုရှင် ကွယ်လွန်

စာရေးဆရာ မောင်ဆုရှင် ကွယ်လွန်
by -
မေကျော်
စာရေးဆရာ မောင်ဆုရှင်သည် အသက် ရ၇ နှစ်အရွယ် ယနေ့ နေ့လယ်က အဆုတ်အအေးမိ ရောဂါဖြင့် ရန်ကုန်တွင် ကွယ်လွန်သွားသည်။ အဆုတ်အအေးမိ ရောဂါဖြင့် ၃ ရက်ခန့် ခံစားနေရရာမှ ရွှေဂုံတိုင်အထူးကု ဆေးကုခန်းတွင် တက်ရောက်ကုသနေ ...

ချင်းမိုင် (မဇ္စျိမ)။     ။ စာရေးဆရာ မောင်ဆုရှင်သည် အသက် ရ၇ နှစ်အရွယ် ယနေ့ နေ့လယ်က အဆုတ်အအေးမိ ရောဂါဖြင့် ရန်ကုန်တွင် ကွယ်လွန်သွားသည်။

အဆုတ်အအေးမိ ရောဂါဖြင့် ၃ ရက်ခန့် ခံစားနေရရာမှ ရွှေဂုံတိုင်အထူးကု ဆေးကုခန်းတွင် တက်ရောက်ကုသနေရင်း ယနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဆုံးပါးသွားခြင်း ဖြစ်သည်။

“ဆရာ ဦးမျိုးသန့် (စာရေးဆရာ မောင်ဆုရှင်) ဟာ မြန်မာစာပေလောကမှာ သုတရော၊ ရသရော စွယ်စုံထူးချွန်တယ်။ စာပေပညာရှင် စာရေးဆရာကြီး ဖြစ်ပါတယ်။ အဲဒါကြောင့် ဆရာကွယ်လွန်ခြင်းဟာ မြန်မာစာပေလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုလို့ မြင်ပါတယ်” ဟု သုတစွယ်စုံမဂ္ဂဇင်းမှ ထုတ်ဝေသူ ဒေါက်တာတင်ထွန်းဦးက မဇ္စျိမကို ပြောသည်။

ဆရာမောင်ဆုရှင်သည် သုတပညာပေးစာပေ၊ သိပ္ပံပညာ ဆောင်းပါးများအပြင် ဝတ္တုအချို့လည်း ရေးသားခဲ့ရာ သုတ၊ ရသ စာအုပ်ပေါင်း ၂၀၀ ကျော် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် အတွင်းရေးမှူး၊ ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ ဗဟိုအမှုဆောင် ကော်မတီဝင်အဖြစ် ဆောင်ရွက်နေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဆရာမောင်ဆုရှင်ကို ၁၉၃၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြောင်းမြမြို့၌ အဖ- ဦးချစ်ဖေနှင့် အမိ- ဒေါ်စိန်မြင့်က မွေးဖွားခဲ့ပြီး မွေးချင်း ၅ ဦးအနက် အကြီးဆုံးဖြစ်သည်။  

၁၉၅၁ ခုနှစ်တွင်  တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး  ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့ကာ၊ ၁၉၅၃ ခုနှစ်တွင် ပြန်ကြားရေးဌာန၊ စာပေဗိမာန်တွင် စာပြုအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။  

၁၉၆၁ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိပြီး ၁၉၆၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆာရာကျု့စ် တက္ကသိုလ်နှင့် ဘော့စတွန်တက္ကသိုလ်မှ သတင်းစာပညာ ဒီပလိုမာနှင့် စာအုပ်ထုတ်ဝေရေးပညာ ဒီပလိုမာများ ရရှိခဲ့သည်။
 
၁၉၆၇ ခုနှစ်တွင် မများသမိုင်း (ပ၊ဒု)ကို ထုတ်ဝေခဲ့ပြီး ယင်းစာအုပ်ဖြင့်ပင် အမျိုးသားစာပေ-သုတပဒေသာ (သိပ္ပံ)ဆု ရရှိခဲ့ပြီး၊ ၁၉၆၇ မှ ၁၉၈၉ ခုနှစ်အထိ မြန်မာနိုင်ငံ စာပေလုပ်သား အဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
 
၁၉၆၈ ခုနှစ်တွင် ဟဲမင်းဝေး၏ ''ပင်လယ်ပြာနှင့် တံငါအို'' ကို ဘာသာပြန်ဆိုခဲ့ရာ၊ ယင်းစာအုပ်ဖြင့် အမျိုးသားစာပေ (ဘာသာပြန်-ရသ) ဆု ရရှိခဲ့သည်။

၁၉၉ဝ မှ ၁၉၉၄ ခုနှစ်အထိ မြန်မာနိုင်ငံ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ပြီးနောက်၊ ၁၉၉၄ မှ ၁၉၉၈ ခုနှစ်အထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့အပြင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပခုက္ကူဦးအုန်းဖေ စာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့အသံမှ ''သိပ္ပံပညာ သိကောင်းစရာ'' ကဏ္ဍကို အနှစ် ၄ဝ ကျော် အသံလွှင့်ဟောပြောခဲ့သူလည်း ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ဟောပြောဆွေးနွေးရေး၊ စာပေထုတ်ဝေရေးနှင့် နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့ ညနေက ရွှေအမြုတေ စာပေဆုပေးပွဲတွင် စာပေဆုများကို ချီးမြှင့်ပေးခဲ့သေးသည်။
အမှတ် (၆၉) ရတနာကျွန်းရိပ်သာ (ဋ) တိုးချဲ့ရပ်ကွက်၊ မ/ဥက္ကလာမြို့နယ်တွင် မိသားစုနှင့်အတူ နေထိုင်ရင်း ကွယ်လွန်ခဲ့သည်။
 

Most read this week