ချင်းမိုင် (မဇ္ဈိမ)။ ။ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးအားစွဲဆိုထားသည့် ပုဒ်မများနှင့် ပတ်သက်ပြီး သူ၏ ရှေ့နေမှ အယူခံ တင်ခြင်းကိုတရားရုံးချုပ်က ပယ်ချလိုက်သည်ဟု သိရသည်။
နှလုံးရောဂါ အခံရှိသူအသက် ၃၀ နှစ်အရွယ် မစုစုနွေးအား ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် သူ၏ ရှေ့နေဦးမြင့်သောင်းမှ ပြီးခဲ့သည့် ၂၈ ရက်နေ့ နံနက်ပိုင်း အယူခံတင်မှုအား အဆိုပါညနေပိုင်းတွင် တရားရုံးချုပ်က ပယ်ချလိုက်ခြင်း ဖြစ်သည်။
“ကျနော်တရားရုံးချုပ်မှာ မစုစုနွေးကို စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်တဲ့အယူခံတင်တယ်။ ဒီအမှုကို လက်ခံပေးဖို့ လျှောက်လဲချက်ပေးတယ်။ဗဟိုတရားရုံးကို တင်တာ ပယ်လိုက်တာ”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင်များအတွက် အဓိက လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေ ဦးမြင့်သောင်းကပြောသည်။
“ဗဟိုတရားသူကြီး ဒေါက်တာ တင်အောင်အေးက ညနေပိုင်းမှာဒီအမှုနဲ့ ပတ်သက်ပြီးတော့ အချည်းနှီးနဲ့ ပိတ်လိုက်တယ်လို့အမိန့်ချလိုက်တယ်” ဟု သူက ဆက်ပြောသည်။
အန်အယ်ဒီ အဖွဲ့ဝင်နှင့်ရန်ကုန်တိုင်း ထန်းမနိုင်ကျေးရွာသူအား နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကိုပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ်နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် ၁၂ နှစ်ခွဲချမှတ်ခဲ့သည်။
သူ့အား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ ၁၄၇ ဖြင့်ထောင်ဒဏ် ၄ နှစ်ခွဲ လျှော့ပေးခဲ့ရာ ယခု ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။
မစုစုနွေး၏အမဖြစ်သည် မဋ္ဌေးဋ္ဌေးကြည်က ပြီးခဲ့သည့် ဧပြီလတွင်း နောက်ဆုံး ထောင်ဝင်စာသွားတွေ့ခဲ့ရာ ကျန်းမာရေး ဆိုးဝါးသဖြင့် ဆရာဝန်များတိုက်သည့် ဆေးကြောင့်အပြင်ဆေးရုံသို့ အရေးတကြီး ကုသခဲ့ရပြီး ယနေ့ထိ ထောင်ဝင်စာမသွားတွေ့နိုင်သေးကြောင်း ပြောသည်။
“ဆေးသောက်ပြီးတော့မခံနိုင်လို့ အသားတွေ တုန်လာတာနဲ့ အပြင်ဆေးရုံကို ခေါ်ပြရတယ်လို့ ပြောတယ်။ရေ ဝအောင် မချိုးရဘူးလို့လည်း ပြောတယ်” ဟု သူက ပြောသည်။
မဋ္ဌေးဋ္ဌေးကြည်သည်ထောင်ဝင်စာ သွားတွေ့သည့် ဧပြီလ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ကလေးထောင်မှရန်ကုန်တိုင်း အင်းစိန်ထောင်သို့ ပြောင်းရွှေ့ပေးရန် အာဏာပိုင်များထံစာတင်ခဲ့သလို၊ ပြည်ထဲရေးရုံးသို့လည်း ဧပြီလ ၁၂ ရက်နေ့တွင် စာတိုက်မှတဆင့်တောင်းဆိုသည့် စာပေးပို့ခဲ့သော်လည် ယနေ့ထိ ပြောင်းရွှေ့ပေးခြင်းမရှိသေးကြောင်း သူက ပြောသည်။
အလားတူ ပြီးခဲ့သည့် မတ်လကုန်ပိုင်းကလည်း အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) ကလည်းစစ်ကိုင်းတိုင်း ကလေးမြို့ထောင်တွင် အကျဉ်းကျနေသည့် မစုစုနွေးအား ၎င်း၏ကျန်းမာရေး အခြေအနေအရ မိသားစုနှင့် နီးသည့် ဒေသ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းများသို့ ပြောင်းရွှေ့ပေးရန် ပြည်ထဲရေးဝန်ကြီးထံ စာတထောင်ရေးသားပေးပို့ခဲ့သည်။
မစုစုနွေးအား ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့က ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်ရှေ့တွင် စစ်အစိုးရဆန့်ကျင်ရေးစာတမ်း ချိတ်ဆွဲခဲ့သဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။