ချင်းမိုင် (မဇ္ဈိမ)။ ။ တိုင်းပြည်တည်ငြိမ်ရေးအတွက် ဝန်းကျင်ကောင်းတရပ် ဖန်တီးပေးရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးတို့အတွက် မြန်မာစစ်အစိုးရကို တိုက်တွန်းထားသည့် ပန်ကြားလွှာတစောင်ကို ထို်င်းနိုင်ငံ လွှတ်တော်အမတ် ၃ဝ က ယမန်နေ့က ပေးပို့ တင်သွင်းလိုက်ကြသည်။
ပန်ကြားလွှာကို မိမိနှင့်အတူ အခြားဆီနိတ်တာ ၂၉ ဦး လက်မှတ်ရေးထိုးထားပြီး၊ မြန်မာနိုင်ငံတွင် တရားမျှတမှု ရှိစေရေးနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးတို့အတွက် တိုက်တွန်းထားသည်ဟု ထို်င်းဆီနိတ်တာ တဦးဖြစ်သူ Rosana Tositrakul က ပြောဆိုခြင်း ဖြစ်သည်။
“ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်ရေးဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ကနေကြည့်ပြီး ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော် ပြောဆိုထားတာပါ” ဟု Rosana က မဇ္ဈိမကို ပြောသည်။
“မြန်မာ့ လူ့အဖွဲ့အစည်းကို ယုံကြည်စိတ်ချရတဲ့ ဒီမိုကရေစီ ဝန်းကျင်တရပ်ဆီ အရောက်သွားနိုင်ဖို့အတွက် လူ့အခွင့်အရေး အခြေအနေကောင်း တရပ်ကို ဖန်တီးပေးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် ပြန်လွှတ်ပေးနိုင်ရေးအတွက် စဉ်းစားပေးပါဆိုပြီး သူ့ (မြန်မာဝန်ကြီးချုပ်) ကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ တကယ် စစ်မှန်တဲ့ နိုင်ငံရေးအရ တရားဝင်မှုနဲ့ သင့်အစိုးရ တည်ငြိမ်ရေးတို့အတွက် ဒီဆုံးဖြတ်ချက်က အထောက်အကူ ပြုပါလိမ့်မယ်လို့ ရေးထားပါတယ်” ဟု အဆိုပါ စာကို ထုတ်နုတ်ကိုးကားကာ Rosana က ပြောသည်။
ထိုအတောအတွင်း ထိုင်းပါလီမန်ကလည်း မြန်မာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းအပေါ် ရှင်းလင်း ပြတ်သားသော ရပ်တည်ချက်နှင့် လုပ်ဆောင်မှုများ ထားရှိပါရန် ထိုင်းကက်ဘိနက်အဖွဲ့ကို တိုက်တွန်းထားသည်။
သူတို့ ထိုင်းလွှတ်တော် နိုင်ငံခြားရေး ကော်မတီအနေဖြင့် မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းအပေါ် ဆွေးနွေးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌ Torpong Chaiyasarn က ပြောသည်။
ကော်မတီအနေဖြင့် ဤတရားခွင်သည် ပွင့်လင်းမြင်သာမှု ကင်းမဲ့ကာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိုလည်း ခြိမ်းခြောက်နေသည်ဟု ထင်မြင်ကြောင်း ပြောသည်။ “ဒီပြဿနာနဲ့ ပတ်သက်လို့ ထိုင်းအစိုးရ အနေဖြင့် ရှင်းရှင်းလင်းလင်း တုံ့ပြန်သင့်ကြောင်းနှင့် သို့သော် သူတို့အနေဖြင့် နှစ်နိုင်ငံအကျိုးတူ ဆက်ဆံရေးများကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း” ပြောသည်။
နောက်တပတ်တွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် အစည်းအဝေးအတွင်း အဆိုပါ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင် စစ်ဆေးနေသည့် ကိစ္စကို အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ဝန်ကြီးများက ဆွေးနွေးသွားမည့်အကြောင်း ထိုင်းဝန်ကြီးချုပ် Abhisit Vejjajiva က ပြောသည်။
မြန်မာစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းဖွယ်ရှိကြောင်း လက်ရှိ ၁၀ နိုင်ငံပါ အာဆီယံ အဖွဲ့ကြီး၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသူ အဖိဆစ်က ပြောသည်။ ဤပြဿနာကို ဆွေးနွေးရန် အာဆီယံ-တောင်ကိုရီးယား ထိပ်သီး အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ အခွင့်အလမ်း ရလိမ့်မည် ဖြစ်ကြောင်းလည်း သူက ပြောသည်။ အဆိုပါ အစည်းအဝေးကို ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် Jeju ကျွန်း၌ ကျင်းပမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသော အခြေအနေများအပေါ် စိုးရိမ် ပူပန်မိကြောင်း ဖော်ပြထားသည့် အာဆီယံအဖွဲ့၏ မေလ ၁၈ ရက် ထုတ်ပြန်ကြေညာချက် ပေါ်ထွက်လာပြီးနောက် မြန်မာစစ်အစိုးရက အိမ်နီးချင်း ထိုင်းနိုင်ငံအပေါ် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သည်ဟု စွပ်စွဲထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက ဆက်လက် ထိန်းသိမ်းထားပါက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းထားပါရန် အာဆီယံ မြန်မာ့အရေး ပါလီမန် လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (AIPMC) က အင်္ဂါနေ့က တောင်းဆိုလိုက်သည်။
သို့သော် အဖိဆစ်ကမူ ဤသို့လုပ်ရန်မှာ ‘မသင့်တော်ကြောင်း’နှင့် အစောပိုင်း ထုတ်ပြန်ထားသော ကြေညာချက်ပါ သဘောထားအတိုင်း ဆက်ဆံရေးကို ထိန်းသိမ်းထားရေးသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ပြောထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၆ နှစ်ကြာ နေအိမ် အကျယ်ချုပ် သက်တမ်းသည် ဗုဒ္ဓဟူးနေ့က ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူမသည် ယခုအခါ နေအိမ်အကျယ်ချုပ် စည်းကမ်းချက်များကို ဖောက်ဖျက်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆို ရုံးတင် စစ်ဆေးခံနေရသည်။
ယခုလအစောပိုင်းက သူမ၏ အင်းယားကန်ဘေးရှိ နေအိမ်သို့ အမေရိကန်နိုင်ငံသား အသက် ၅၃ နှစ်ရှိ ဂျွန်ဝီလီယံယက်တော ဆိုသူ ရေကူး ဝင်ရောက်လာပြီးနောက် ဤသို့ တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ပါက သူမသည် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။