မလေး ထိန်းသိမ်းရေး စခန်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် လိုအပ်နေ

မလေး ထိန်းသိမ်းရေး စခန်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် လိုအပ်နေ
by -
ကိုဝိုင်း
မလေးရှားရှိ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေး စခန်းများတွင် ကျန်းမာရေးဆိုင်ရာ ပုံမှန် ကာကွယ်ကုသ စစ်ဆေးမှုများ ပြုလုပ်ရန် အရေးပေါ် လိုအပ်နေကြောင်း မလေးရှားအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်နေသည့် ပူးတွဲအဖွဲ့တခုက ယနေ့ပြော ...

ချင်းမိုင် (မဇ္စျိမ)။     ။ မလေးရှားရှိ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေး စခန်းများတွင် ကျန်းမာရေးဆိုင်ရာ ပုံမှန် ကာကွယ်ကုသ စစ်ဆေးမှုများ ပြုလုပ်ရန် အရေးပေါ် လိုအပ်နေကြောင်း မလေးရှားအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်နေသည့် ပူးတွဲအဖွဲ့တခုက ယနေ့ပြောသည်။

Juru လူဝင်မှု ကြီးကြပ်ရေးဌာန၏ တရားမဝင် ဝင်ရောက်လာသူများကို ထိန်းသိမ်းသော စခန်း၌ မြန်မာနိုင်ငံသား ၂ ဦး သေဆုံးခဲ့မှုအပေါ် အခြေခံ၍ ပူးတွဲအဖွဲ့ Network of Action for Migrant in Malaysia (NAMM) က ပြောဆိုခြင်း ဖြစ်သည်။   

“Human Rights Commission of Malaysia အနေနဲ့ မြန်မာနိုင်ငံသား နှစ်ဦး သေဆုံးရတဲ့ကိစ္စနဲ့ ပတ်သက်လို့ တရားဝင် စုံစမ်း စစ်ဆေးမှုတွေ လုပ်ပြီး ခိုင်မာတဲ့ ရလဒ်တွေ ထုတ်ပြန်ပေးရမယ်။ ပြီးတော့ ထိန်းသိမ်းရေးစခန်း အားလုံးရဲ့ သန်ရှင်းရေးနဲ့ ကျန်းမာ ရေးစောင့်ရှောက်မှု ပိုပြီး ကောင်းမွန်လာဖို့အတွက် အထောက်အကူ ဖြစ်စေမယ့် တောင်းဆို အကြံပြုချက်တွေ ထုတ်ပေးဖို့ လိုအပ်ပါတယ်” ဟု MAMM ၏ ဆက်သွယ် ဆောင်ရွက်ရေး တာဝန်ရှိသူ မစ္စ ပရာနွမ် ဆွမ်ဝေါင် Pranom Somwong က မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံသား အနည်းဆုံး ၅၀၀ ခန့်ကို ထိန်းသိမ်းထားသည့် အဆိုပါ စခန်းအတွင်း တိရစ္ဆာန် အညစ်အကြေးမှ ဖြစ်ပွားတတ်သည့် Leptospirosis ဗိုင်းရပ်စ်ပိုးကြောင့် ယခုလ ၁၂ ရက်နှင့် ၁၇ တို့တွင် Thang Hoih Ping (၂၁ နှစ်) နှင့် Sa La Hin (၂၆ နှစ်) တို့ သေဆုံးခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းအများစု ပါဝင်သော နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၁၂၄ ဖွဲ့၏ Global joint statement တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ထိန်းသိမ်းရေးစခန်း တာဝန်ရှိသူနှင့် မလေးရှားအစိုးရက သေဆုံးသွားသူ ၂ ဦးအတွက် လျော်ကြေးငွေကို ၎င်းတို့၏ မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်စေလိုကြောင်း ထုတ်ပြန်ချက်အတွင်း အကြံပြုတောင်းဆိုထားပြီး တာဝန်ရှိသူများကို ဖော်ထုတ်ပြီး ဥပဒေအရ ထိုက်သင့်သည့် အပြစ်ဒဏ်များ ချမှတ်ပေးရမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသေးသည်။

နိုင်ငံတဝန်းရှိ ထိန်းသိမ်းရေး စခန်း ၂၂ ခုလုံး၏ သန့်ရှင်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတို့ကို တိုးတက် ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန် မလေးရှားအစိုးရ အပါအဝင်၊ ပြည်သူ့ ကျန်းမာရေးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ပြည်ထဲရေးဌာနသို့လည်း တရားဝင် စာပို့တောင်းဆိုထားကြောင်း အဆိုပါ အဖွဲ့အစည်း ၁၂၄ ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သူ မစ္စ ပရာနွမ် ဆွမ်ဝေါင်က ပြောသည်။

ထို့အပြင် လက်နက်ကိုင် ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းထားသော RELA အဖွဲ့သည် အဆိုပါ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းစခန်းများတွင် အစိုးရ ဆုံးဖြတ်ချက်များဖြင့် ရဲတပ်သားများထက် ပို၍ပင် လုပ်ပိုင်ခွင့်များ အပြည့်ရထားပြီး မသင်္ကာသူ မည်သူ့ကိုမဆို အချိန်မရွေး ရှာဖွေဖမ်းဆီး ထိန်းသိမ်းနိုင်ခွင့် ရှိသော်လည်း စနစ်တကျ သင်တန်းတက်ထားသူများ မဟုတ်ကြောင်း သူက ပြောသည်။

ထိန်းသိမ်းရေး စခန်းများတွင် ကျွေးမွေးသော အစားအစာနှင့် သောက်သုံးရေများ၏ သန့်ရှင်းမှုနှင့် အန္တရာယ် ရှိ၊ မရှိကိုလည်း ကျန်းမာရေးဌာနက ပုံမှန်ကြီးကြပ် စစ်ဆေးမှုများ ပြုလုပ်ရန် နိုင်ငံတကာ အဖွဲ့အစည်း ၁၂၄ ဖွဲ့၏ ယမန်နေ့ ပူးတွဲ ထုတ်ပြန်ချက် အတွင်း၌ တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၆ နှစ်အတွင်း မလေးရှား ထိန်းသိမ်းရေး စခန်းများတွင် သေဆုံးခဲ့သူ တရားမဝင် နိုင်ငံခြားသား ဦးရေ ၁၃၀၀ ရှိကြောင်းနှင့် အများစုမှာ လူဝင်မှု ကြီးကြပ်ရေးဌာန ထိန်းသိမ်းရေး စခန်းများတွင် ဖြစ်ကြောင်း မလေးရှား လူ့အခွင့်အရေး ကော်မရှင် Human Rights Commission of Malaysia - Suhakam ၏ အကြီးအကဲ Datuk N. Siva Subramaniam က ပြောကြားကြောင်း ယမန်နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် Star သတင်းဌာနက ဖော်ပြခဲ့သည်။

Most read this week