Chevron သည် စစ်အစိုးရကို အထောက်အကူပြုနေဟု အလုပ်သမားသမဂ္ဂ ပြောဆို

Chevron သည် စစ်အစိုးရကို အထောက်အကူပြုနေဟု အလုပ်သမားသမဂ္ဂ ပြောဆို
by -
ကိုဝိုင်း
မြန်မာနိုင်ငံ တောင်ပိုင်းရှိ ရတနာ ဓာတ်ငွေ့နှင့် ပိုက်လိုင်း လုပ်ငန်းများတွင် စွမ်းအင်ကုမ္ပဏီကြီး ရှဗရွမ် ကော်ပိုရေးရှင်း Chevron ၏ ရင်းနှီးလုပ်ကိုင်နေမှုသည် ရက်စက်ဖိနှိပ်သည့် နအဖ စစ်အစိုးရအား ဘဏ္ဍာရေးအရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂကြီးတခုက ပြော ...

ချင်းမိုင် (မဇ္စျိမ)။     ။ မြန်မာနိုင်ငံ တောင်ပိုင်းရှိ ရတနာ ဓာတ်ငွေ့နှင့် ပိုက်လိုင်း လုပ်ငန်းများတွင် စွမ်းအင်ကုမ္ပဏီကြီး ရှဗရွမ် ကော်ပိုရေးရှင်း Chevron ၏ ရင်းနှီးလုပ်ကိုင်နေမှုသည် ရက်စက်ဖိနှိပ်သည့် နအဖ စစ်အစိုးရအား ဘဏ္ဍာရေးအရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂကြီးတခုက ပြောသည်။

အမေရိကန်နှင့် ကနေဒါအခြေစိုက် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ တခုဖြစ်သော International Brotherhood of Teamsters – IBT ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ရက်စက်စွာ ဖိနှိပ်လေ့ရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုကိုလည်း စနစ်တကျ ကျူးလွန်နေသော စစ်အစိုးရအတွက် နိုင်ငံခြားငွေ အများဆုံး ရရှိစေသည့် ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ကြောင်း IBT က ဆိုသည်။

ရှဗရွမ် ကော်ပိုရေးရှင်းအနေဖြင့် ရင်းနှီးမြှုပ်နှံရန် မလုပ်သင့်သော နိုင်ငံများအဖြစ် မည်သည့် အချက်အလက်များကို အခြေခံပြီး မည်သို့ တိုင်းတာသတ်မှတ်သည်ကို ရှင်းလင်းစွာ ထုတ်ပြန်ပေးရန် သမဂ္ဂ၏ တောင်းဆိုချက်ကို ကော်ပိုရေးရှင်း၏ ရှယ်ယာ ပိုင်ရှင်များ နှစ်ပတ်လည် အစည်းအဝေး၌ ဆွေးနွေး၍ မဲပေးကြရာ မဲအားလုံး၏ ၂၅ ရာခိုင်နှုန်း  ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလုပ်သမားသမဂ္ဂကြီး၏ ဘဏ္ဍာရေးဆိုင်ရာ အတွင်းရေးမှူး C. Thomas Keegel က “ဥပဒေကြောင်း၊ ငွေကြေးအရ၊ နိုင်ငံရေးအရ ကြီးမားတဲ့ စိန်ခေါ်မှုတွေအကြားက မြန်မာနိုင်ငံမှာ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေကို ရှဗရွမ်က ဘယ်လို ဆုံးဖြတ် လုပ်ကိုင်နေတယ်ဆိုတာကို အစုပိုင်ရှင်တွေက အလေးထားလာကြတာတွေ့ရလို့ ကျေနပ်အားရပါတယ်” ဟု ပြောသည်။

ရတနာ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှတဆင့် ရှဗရွမ်နှင့် တွဲဖက်လုပ်ကိုင်နေသည့် စစ်အစိုးရသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြေညာချက်ထဲတွင် ဆိုထားသည်။

ရှဗရွမ်အနေဖြင့် ဤကဲ့သို့ နိုင်ငံရေးအရ သတိထားရမည့် အနေအထားတွင် ရင်းနှီးမြှုပ်နှံမှု ပြုသင့်၊ မသင့် ကိစ္စမျိုးကို မည်သို့ စုံစမ်းအကဲဖြတ်သနည်းဟုလည်း မေးခွန်းထုတ်လိုက်သည်။

၁၉ဝ၃ ခုတွင် ဖွဲ့စည်းခဲ့သည့် International Brotherhood of Teamsters ဟုခေါ်သည့် နိုင်ငံတကာအလုပ်သမားသမဂ္ဂကြီး တွင် အဖွဲ့ဝင် အလုပ်သမား ၁ သန်းခွဲခန့် ရှိသည်။

ရှဗရွမ်ကော်ပိုရေးရှင်း Chevron Corporation သည် ကမ္ဘာ့ စတုတ္တမြောက် စွမ်းအင်ကုမ္ပဏီကြီးဖြစ်ပြီး အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မှ San Ramon မြို့၌ ဗဟိုဌာနချုပ်ဖွင့်ထားသည်။ နိုင်ငံပေါင်း ၁၈ဝ ကျော်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သန့်စင်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်။

Most read this week