ဒေါ်စု အမှုတွင် သက်သေ ၃ ဦးကို တရားရုံးက ပယ်ချ

ဒေါ်စု အမှုတွင် သက်သေ ၃ ဦးကို တရားရုံးက ပယ်ချ
by -
မုံပီး
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသော သက်သေ ၃ ဦးကို အင်းစိန်ထောင်ရှိ အထူးတရားရုံးက ယမန်နေ့ ပယ်ချခဲ့ပြီး ဦးကြည်ဝင်း တဦးတည်းကိုသာ တရားခံပြ သက်သေအဖြစ် လက်ခံခဲ့ ...

နယူးဒေလီ (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသော သက်သေ ၃ ဦးကို အင်းစိန်ထောင်ရှိ အထူးတရားရုံးက ယမန်နေ့ ပယ်ချခဲ့ပြီး ဦးကြည်ဝင်း တဦးတည်းကိုသာ တရားခံပြ သက်သေအဖြစ် လက်ခံခဲ့သည်။

အထူးခုံရုံး တရားသူကြီးက ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ဒေါ်ခင်မို့မို့တို့ ၃ ဦးကို ဗုဒ္ဓဟူးနေ့က လက်မခံဘဲ ပယ်ချခဲ့ပြီး ဦးကြည်ဝင်း တဦးတည်းကိုသာ တရားခံပြ သက်သေအဖြစ် လက်ခံခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောဆိုခြင်း ဖြစ်သည်။   

“ကျနော်ကတော့ ပြောစရာ သိပ်များများ မရှိပါဘူးဗျာ။ ကြည့်လိုက်ရင် အရှင်းကြီးဟာကို။ တရားလိုဘက်က သက်သေ ၁၅ ယောက် စစ်တယ်။ ကျနော်တို့ဘက်က တယောက်ထဲ” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။   

ဗုဒ္ဓဟူးနေ့က အမေရိကန်လူမျိုး ယက်တောအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သူ သူမ၏ ပါတီဝင်များဖြစ်ကြသော ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့၏ ထွက်ဆိုချက်များကိုလဲ ရုံးတော်က ကြားနာသည်။   

“သောကြာနေ့လောက်မှာ အမိန့်ချလိမ့်မယ် ကျနော်ထင်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။ အာဏာပိုင်များ အနေဖြင့် အမှုကို အမြန် အဆုံးသတ်ချင်နေကြောင်းလည်း သူက ဆက်လက် ပြောဆိုသည်။   

“ဒေါ်အောင်ဆန်းစုကြည် အပြစ်ပေးခံရရင် ဗဟိုတရားရုံးမှာ ဆက်ရင်ဆိုင်ဖို့ ကျနော်တို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟု သူက ဆက်လက်ပြောဆိုသည်။   

နိုဘယ် ငြိမ်းချမ်းရေးဆုရှင်က သူမတွင် အပြစ်မရှိကြောင်း အင်္ဂါနေ့က တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ကာ ပြန်လည်ဖော်ပြခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ထွက်ဆိုချက်တွင် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလအတွင်း လာရောက်ခဲ့သော မစ္စတာယက်တော၏ ယခင်ခရီးစဉ်ကို သူမ၏ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းမှတဆင့် အာဏာပိုင်များထံ အကြောင်းကြား အသိပေးခဲ့သော်လည်း သူမကို လာရောက် စစ်ဆေးခြင်းလည်း မရှိ၊ သတိပေးခြင်းလည်း မရှိခဲ့ဟု ဖော်ပြထားသည်။   

ယက်တော၏ ပထမအကြိမ် ခရီးစဉ်ကို ဒေါ်ခင်ခင်ဝင်းမှတဆင့် သိရှိကြောင်း သူမက ဝန်ခံဖော်ပြထားပြီး၊ ဤအကြောင်းကို သူမ၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းမှတဆင့် သက်ဆိုင်ရာ အာဏာပိုင်များထံ သတင်းပို့ခဲ့သည်။   

“ကျမ ဤအကြောင်းကို ကျမထံ ပုံမှန်ဆေးစစ်ရန် လာရောက်သည့် ဒေါက်တာတင်မျိုးဝင်းမှတဆင့် အာဏာပိုင်များထံ ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က အသိပေးအကြောင်းကြားခဲ့ပါသည်။ အာဏာပိုင်များက ကျမကို မည်သည့် မေးခွန်းမျှ လာရောက်မေးမြန်းခြင်း မရှိဘဲ၊ ဤသတင်းပို့ချက်အပေါ် အရေးယူမှု တစုံတရာ ရှိသည်ဟုလည်း မကြားသိခဲ့ရပါ” ဟု သူမ၏ ထွက်ဆိုချက်တွင် ရေးသား ဖော်ပြထားသည်။   

“ကျမ၏ အိမ်သို့ ထိုသို့ ဝင်ရောက်လာခဲ့ပါက အာဏာပိုင်များထံ သတင်းပို့ရမည်ဟူ၍ ကျမကို သတိပေးထားခြင်းလည်း မရှိပါ” ဟု သူမက ပြောထားပြီး၊ ယက်တော၏ နောက်ဆုံး လာရောက်မှုကို သူမထံ မေလ ရ ရက်နေ့တွင် လာရောက်မည့် ဒေါက်တာတင်မျိုးဝင်းမှတဆင့် အာဏာပိုင်များထံ အကြောင်းကြားရန် ရည်ရွယ်ထားခဲ့ကြောင်းလည်း သူမ က ရေးသားထားသည်။   

ဤသို့ ဒီမိုကရေစီ ခေါင်းဆောင်၏ ထွက်ဆိုချက် ထွက်ပေါ်လာခဲ့ပြီးနောက် ဒေါက်တာတင်မျိုးဝင်း မည်သည့်နေရာတွင် ရှိနေသည်၊ သူ့ကို သူမ၏ ရှေ့နေများက ဘာ့ကြောင့် တရားခံပြ သက်သေစာရင်းတွင် ထည့်မထားသနည်း ဆိုသည်များနှင့် ပတ်သက်၍ အမျိုးမျိုး မှန်းဆပြောဆိုမှုများ ပေါ်ထွက်လာခဲ့သည်။   

သို့သော် ဦးဉာဏ်ဝင်းကမူ မေလ ရ ရက်နေ့က ခေတ္တထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာသူ ဒေါက်တာတင်မျိုးဝင်းမှာ ယခုလောလောဆယ်တွင် သူ၏ မိသားစုနှင့်အတူ လုံခြံုစွာ ရှိနေကြောင်း ပြောသည်။   

“ကျနော်တို့ ဒေါက်တာတင်မျိုးဝင်းကို တရားခံပြသက်သေ စာရင်းထဲ မထည့်တာက ဒေါက်တာတင်မျိုးဝင်း သိထားသမျှနဲ့ သူ ရုံးမှာ ထွက်ဆိုမယ့် အကြောင်းအရာမှန်သမျှက တရားလိုပြသက်သေတွေ အားလုံးက ထွက်ထားကြပြီးပြီ။ ဒါကြောင့်ပါ” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။   

သူမ၏ နေအိမ်တွင် လုံခြံုရေး ချိုးဖောက်ခံခဲ့ရသော်လည်း လုံခြံုရေး အစောင့် တဦးတလေကိုမျှ ဤရုံးတွင် တရားလိုပြ သက်သေများအဖြစ် ထုတ်၍ စစ်ဆေးသည်ကို သူမ မတွေ့ရကြောင်းဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသည်။