ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင်းသည့်စာ

ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင်းသည့်စာ
by -
နန်းဒေဝီ
ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်အပြီး ဒုတိယမြောက်နေ့ဖြစ်သည့် ယမန်နေ့က တရားရုံးတော်သို့ သူမ ကိုယ်တိုင် ရေးသား တင်သွင်းခဲ့သည့် လျှောက်လဲစာအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ သိရှိရန်အတွက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန် ...

နယူးဒေလီ (မဇ္စျိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်အပြီး ဒုတိယမြောက်နေ့ဖြစ်သည့် ယမန်နေ့က တရားရုံးတော်သို့ သူမ ကိုယ်တိုင် ရေးသား တင်သွင်းခဲ့သည့် လျှောက်လဲစာအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ သိရှိရန်အတွက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

''မနေ့က ဒေါ်စုက တရားသူကြီးကို တင်တာ။ ကျနော်တို့က မနေ့က ဒါကို အများပြည်သူ သိအောင် ထုတ်ပြန်ကြေညာသင့်သလား၊ မကြေညာသင့်သလားဆိုတာ ဥပဒေ ပညာရှင်များနဲ့ တိုင်ပင်ကြတယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ တိုင်ပင်ကြည့်တော့ ဒါဟာ အများပြည်သူ သိသင့်တယ်ဆိုပြီးတော့ ဆုံးဖြတ်တဲ့အတိုင်း အစအဆုံး မူရင်းအတိုင်း ကြေညာလိုက်တာ ဖြစ်ပါတယ်'' ဟု အန်အယ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။   

မဇ္စျိမသတင်းထောက် နန်းဒေဝီကို ဦးအုန်းကြိုင်က ဖတ်ကြားပြသည့်အတိုင်း ဖော်ပြလိုက်ပါသည်။   

-----------------------------------
 

ကြေညာချက်အမှတ် - ၁၄၊ ဝ၅၊ ဝ၉

၂ဝဝ၉ ခုနှစ်၊ မေလ ၂၇ ရက်

၁၃၇၁ ခုနှစ်၊ နယုန်လဆန်း ၄ ရက်   

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အား စွဲဆိုထားသော အမှုနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုဆိုင်ရာ ကျင့်ထုံးမှု ဥပဒေပုဒ်မ ၂၅၆ အရ တရားရုံးသို့ ရေးသားတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။   

(က) - ၁ ။ ။ အထက်အမည်ပါ အမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့်၎င်း၊ ထိုသို့ ဖောက်ဖျက်ကျူးလွန်ခြင်းကို အားပေးကူညီခဲ့ကြသော ဒေါ်ခင်ခင်ဝင်း (အဖ ဦးတင်အုံး) ဒေါ်ဝင်းမမ (အဖ ဦးဉာဏ်လင်း) နှင့် John William Yettaw တို့ သုံးဦးတို့အား ယင်း ဥပဒေပုဒ်မ ၂၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ အရ၎င်း၊ အမှုဖွင့်အရေးယူပေးပါရန် သတင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဇော်မင်းအောင်က ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ၁၁ ရက်၊ ၅ လ၊ ၂ဝဝ၉ ခုနှစ်တွင် တိုင်ကြားခဲ့သော အမှု ဖြစ်ပါသည်။    

၂ ။ ။ မစ္စတာ ဂျွန်ဝီလျံယက်တောသည် ကျမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ရောက်ရှိခဲ့သော ကိစ္စရပ်နှင့် စပ်လျဉ်း၍ ပထမအကြိမ်ဖြစ်သော ၃ဝ ရက်၊ ၁၁ လ၊ ၂ဝဝ၈ နေ့တွင် ရောက်ရှိခဲ့ခြင်းသည် ကျမနှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းထံမှတဆင့် ကြားသိရပါသည်။ ၄ ရက်၊ ၁၂ လ၊ ၂ဝဝ၈ ခုနှစ်တွင် ဆေးစစ်ရန် ရောက်ရှိလာသူ ဒေါက်တာ တင်မျိုးဝင်းထံမှတဆင့် ယင်းအဖြစ်အပျက်ကို အာဏာပိုင်များထံ သတင်းပို့ခဲ့ပါသည်။ အာဏာပိုင်များက အဆိုပါ ကိစ္စအတွက် ကျမတို့ထံသို့ စုံစမ်းမေးမြန်းခြင်း မပြုလုပ်ခဲ့ကြပါ။ အရေးယူဆောင်ရွက်သည်ဟူသည် ကြားသိရခြင်း မရှိပါ။ ဤကဲ့သို့ ခြံဝင်းအတွင်း လူဝင်ရောက်သည့် ကိစ္စများတွင် အာဏာပိုင်များထံ ချက်ချင်း သတင်းပို့ရမည်ဟု သတိပေးမှုခြင်း မရှိပါ။ ဒုတိယအကြိမ် မစ္စတာဂျွန်ဝီလျံယက်တော ရောက်ရှိခဲ့ခြင်းကို ၄ ရက်၊ ၅ လ ၂ဝဝ၉ နံနက်ပိုင်းတွင်မှ တွေ့ရှိရပါသည်။ ကျမက ပြန်ထွက်သွားရန် ပြောကြားခဲ့ပါသည်။ မိုးလင်းနေပြီဖြစ်၍ ထွက်သွားလျှင် ဖမ်းဆီးခံရနိုင်ကြောင်း ညရောက်သောအခါ ပြန်ပါမည်ဟု ပြောပါသည်။ သို့သော် ညရောက်သောအခါ ကျန်းမာရေးအခြေအနေအရ ၁ ညအိပ်ခွင့်ပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။    

၃ ။ ။ ယခုအချိန်တွင် များစွာသော ကျမ၏ နိုင်ငံရေး လုပ်ဘော်ကိုင်ဘက်၊ ရဲဘော်ရဲဘက်များသည် ဥပဒေ၏ ကာကွယ်မှုနှင့် သက်ညှာမှုတို့ကို မခံရစားရဘဲ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရပါသည်။ ထို့ကြောင့် ကျမအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီး အချုပ်အနှောင်ခံရစေရန် တွန်းမပို့နိုင်ဟူသော နိုင်ငံရေးခံယူချက်အရ ခိုလှုံခွင့်တောင်းသည်ကို ခေတ္တ ခိုလှုံခွင့် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။   

၄ ။ ။ ကျူးကျော်ဝင်ရောက်သူ မည်သူမည်ဝါဖြစ်သည်၊ ၎င်း၏ ရည်ရွယ်ချက်များ မည်သို့မည်ပုံ ဖြစ်သည်မှာ ကျမအတွက် အရေးမပါပါ။ ကျမ၏ နိုင်ငံရေး ခံယူချက်အရသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ လစဉ်ဆေးစစ်ရန် ရ ရက်၊ ၅ လ၊ ၂ဝဝ၉ နေ့တွင် ဒေါက်တာတင်မျိုးဝင်း လာသောအခါ ၎င်းမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော် ရ ရက်၊ ၅ လ၊ ၂ဝဝ၉ နေ့တွင် ရဲတပ်ဖွဲ့ဝင်များသာ ရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ဝင်ခွင့် မရခဲ့ပါ။    

၅ ။ ။ ကျမသည် နိုဝင်ဘာလ ၃ဝ ရက်နေ့ အဖြစ်အပျက်နှင့် စပ်လျဉ်း၍ လုပ်ဆောင်ခဲ့ရာတွင် ကြီးသည့်အမှုကို ငယ်စေရန်နှင့် ငယ်သည့်အမှု ပပျောက်စေရန်နှင့် ခြံအတွင်းသို့ ဝင်ရောက်ခဲ့သူအား၎င်း၊ ခြံလုံခြံုရေးကို ယူထားရသော တပ်သားများအား၎င်း မလိုအပ်ဘဲ မထိခိုက်စေလိုသော  ဆန္ဒဖြင့် ပြုလုပ်ခဲ့ပါသည်။ ဤလုပ်ဆောင်ချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ ကန့်ကွက်ခြင်း၊ ဝေဖန်ခြင်း တစုံတရာ မပြုလုပ်ခဲ့သောကြောင့် ၎င်းတို့သည် ကျမ၏ လုပ်ရပ်ကို လက်ခံသဘောတူသည်ဟု ထင်မြင်ရပါသည်။ တရားလိုပြသက်သေတဦးအား ပြန်ခေါ်စစ်မေးရာတွင် ကျမ၏ နေအိမ်ခြံဝင်း လုံခြံုရေးအတွက် အာဏာပိုင်နှင့် ကျမတို့ ပူးတွဲတာဝန်ရှိပါသည်ဟု ထွက်ဆိုခဲ့ပါသည်။ ယင်းထွက်ဆိုချက်မှာ လုံးဝ မမှန်ကန်ပါ။    

၆ ။ ။ ကျမအပေါ် စွဲဆိုထားသည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ အရ တားဆီးမိန့်၊ ကန့်သတ်မိန့်များကို ချိုးဖောက်သည်ဟု စွပ်စွဲထားပါသည်။    

က - ယခု ရုံးရှေ့ တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များ၊ သက်သေခံ ဆက်လက် တားဆီးမိန့်များအရ စည်းကမ်းချက်များကို ကျမက ဖောက်ဖျက်ခြင်း မရှိကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။    

ခ - ကန့်သတ်မိန့်မှာ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ မူလအခွင့်အရေးကို ကန့်သတ်မှု သို့မဟုတ် ရုပ်သိမ်းမှုဖြစ်ကြောင်း တရားလိုဘက်က ထွက်ဆိုခဲ့ကြပါသည်။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၈၈ ခုနှစ်၊ စစ်တပ် အာဏာသိမ်းသည့် နေ့မှစ၍ အာဏာတည်ခြင်းမရှိ၊ ပြိုကျပျက်စီးသွားပြီ ဖြစ်ပါသည်။ အာဏာတည်ခြင်း မရှိသည့် ဥပဒေ၏ ပုဒ်မများအရ ကန့်သတ်အမိန့်မှာလည်း တရားဝင်မှု မရှိပါ။    

၇ ။ ။ ယခု အမှုဖြစ်ပွားရသည့် အရင်းခံ အကြောင်းအရင်းမှာ လုံခြံုမှု၊ လုံခြံုရေး လစ်ဟင်းမှု သို့မဟုတ် လုံခြံုရေး ဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်ထိ လုံခြံုရေးဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူမှုခြင်း မရှိဘဲ၊ ကျမကိုသာ အရေးယူ တရားစွဲခြင်းမှာလည်း ဘက်လိုက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။    

၈ ။ ။ ကျမသည် တရားလိုဘက် စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်ခြင်း မရှိကြောင်း ကျမ၏ တင်ပြချက်ကို တင်သွင်းပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်။