မြန်မာ့ပြည်တွင်းရေး ဝင်စွက်ခြင်းမဟုတ် ဟု ထိုင်းက ပြော

မြန်မာ့ပြည်တွင်းရေး ဝင်စွက်ခြင်းမဟုတ် ဟု ထိုင်းက ပြော
by -
ကိုဝိုင်း
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း ဥက္ကဋ္ဌ အနေဖြင့် တောင်းဆိုခြင်းသည် မြန်မာပြည်တွင်း အရေးကို ဝင်ရောက် စွက်ဖက်ခြင်း မဟုတ်ကြောင်း ထိုင်းနိုင်ငံက ပြန်လည် ချေပ ...

ချင်းမိုင် (မဇ္စျိမ)။     ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း ဥက္ကဋ္ဌ အနေဖြင့် တောင်းဆိုခြင်းသည် မြန်မာပြည်တွင်း အရေးကို ဝင်ရောက် စွက်ဖက်ခြင်း မဟုတ်ကြောင်း ထိုင်းနိုင်ငံက ပြန်လည် ချေပလိုက်သည်။

အာဆီယံ အလှည့်ကျဥက္ကဌ ဖြစ်နေသော ထိုင်းနိုင်ငံက  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ယခုလ ၁၈ ရက်နေ့တွင် ကြေညာချက်ထုတ် တောင်းဆိုခဲ့ခြင်းအား မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ခြင်း ဖြစ်သည်ဟု စစ်အစိုးရက ကန့်ကွက်ခဲ့သည့်အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြန်လည်တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။   

“ဒီကိစ္စဟာ မြန်မာပြည်တွင်းရေးကို စွက်ဖက်တာ မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုး ထိုင်းနိုင်ငံမှာလည်း ဖြစ်နေတာပါပဲ။ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေနဲ့ နိုင်ငံတောင်ပိုင်းမှာ ပြဿနာတွေ တက်နေတာကို စိုးရိမ်နေကြတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စတွေဟာ ဒေသဆိုင်ရာ တည်ငြိမ်ရေးနဲ့ အာဆီယံအဖွဲ့ရဲ့ တိုးတက်မှုအပေါ် သက်ရောက်မှုတွေ ရှိနေလို့ပါ” ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကဆစ်၏ ပြောဆိုချက်ကို ထိုင်းနိုင်ငံထုတ် သတင်းဌာနများက ယနေ့ ဖော်ပြကြသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပနေသည့် အာရှ-ဥရောပ အစည်းအဝေး (Asem) တက်ရောက်နေသည့် သူက အာဆီယံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထိပ်တန်း တာဝန်ရှိသူများ၏ သဘောတူချက်ဖြင့်သာ ကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်နိုင်သည့် မည်သို့သော အခြေအနေမျိုးကိုမျှ ထိုင်းနိုင်ငံက မမြင်တွေ့လိုကြောင်း ဆက်လက်ပြောဆိုသည်။

ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “ဒေါ်အောင်ဆန်းစုကြည်အား အရေးယူရခြင်းမှာ နိုင်ငံတိုင်းတွင် သမားရိုးကျ ဆောင်ရွက်လေ့ ရှိကြသည့် ပြည်တွင်း ဥပဒေ ကျင့်သုံးမှုတခုသာ ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး သက်သက်သာ ဖြစ်ပါသည်’’ ဟု ဖော်ပြခဲ့သည်။   

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းသားအားလုံး လွှတ်ပေးရေးသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများနှင့် လာမည့်နှစ် ရွေးကောက်ပွဲအတွက် အရေးကြီးသည့် ခြေလှမ်းတရပ်ဖြစ်ကြောင်း ပြောသည်။

ထိုသို့ဖြစ်ထွန်းနေချိန်တွင် ဟနွိုင်းမြို့ Asem အစည်းအဝေးတွင် တက်ရောက်နေသော ဥရောပသမဂ္ဂ ခေါင်းဆောင်များက ထိုင်းနိုင်ငံနှင့် သဘောထားတူညီကြပြီး၊ မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်ရန် စဉ်းစားနေသည်။