နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံနေရသည့်အပေါ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌက ကြေညာချက် ထုတ်ပြန်ခြင်းသည် အာဆီယံ ပဋိညာဉ်ပါ စည်းမျဉ်းများကို သွေဖည်ကာ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ရာ ရောက်ကြောင်း စစ်အစိုးရက မီဒီယာက ယနေ့ ဝေဖန်ပြောဆိုသည်။
ယခုလ ၁၈ ရက်နေ့က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေသည့် ထိုင်းနိုင်ငံက ကြေညာချက် ထုတ်ခဲ့ခြင်းသည် “အာဆီယံအဖွဲ့၏ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်း မရှိကြောင်း၊ အကြောင်းအရာ မှန်ကန်ခြင်း မရှိသည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်” ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်အား အရေးယူခြင်းအတွက် သူမ၏ ကျန်းမာရေး စိုးရိမ်မိကြောင်း” အာဆီယံကြေညာချက်ထဲတွင် ဖော်ပြသည်မှာ မှန်ကန်မှု မရှိဘဲ ဒေါ်စုမှာ ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက် ရရှိပြီး ကျန်းမာလျက် ရှိနေပါသည်” ဟု သတင်းစာက ဆိုသည်။
“သို့ပါ၍ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အနေဖြင့် အာဆီယံ၏ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာတို့ကို စောင့်ထိန်းနိုင်ရန် ပျက်ကွက်ခဲ့ကြောင်း ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါသည်” ဟု ဆက်လက်ရေးသားထားသည်။
ထိုင်းအခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) – NLD L/A ၏ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က အာဆီယံ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် ဘောင်မကျော်ကြောင်း ယခုလို ပြောသည်။
“နအဖကို ဝေဖန်တိုက်ခိုက်တာလည်း မပါဘူး။ အာဆီယံဆိုတာ အိမ်နီးချင်းတွေအနေနဲ့ သဘောထားကြတာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ တဖက်စွန်း ရောက်နေတဲ့ ကိစ္စကို အာဆီယံမှာ ပြောပိုင်ခွင့် ရှိတယ်လို့ ကျနော် ဒီလို မြင်ပါတယ်” ဟု သူက ပြောသည်။
သူက ဆက်ပြီး “ဒါကြောင့် အာဆီယံက ဘောင်မကျော်ဘူးလို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။
အာဆီယံ ကြေညာချက်၌ လက်ရှိ တရားစွဲဆိုခံနေရသည့် ဒေါ်စု၏ ကျန်းမာရေး မကောင်းသည့် အခြေအနေတွင် အထူးပင် စိုးရိမ်မိကြောင်းနှင့် မြန်မာအစိုးရကို အာဆီယံ ခေါင်းဆောင်များက ဒေါ်စုကို ချက်ချင်း လွှတ်ပေးရန် တောင်းဆိုခဲ့သည့်အပေါ် ထပ်မံ၍ သတိပေးခြင်းဖြစ်ကြောင်း ရေးသားသည်။
ထို့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် တနိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်များ၏ တာဝန်တခု ဖြစ်သော လူ့အခွင့်အရေးများကို ကာကွယ်ရန်နှင့် မြှင့်တင်ပေးရန် ဝတ္တရားရှိကြောင်း ဆိုထားသေးသည်။
သို့သော် မြန်မာစစ်အစိုးရ သတင်းစာကမူ ''အာဆီယံအဖွဲ့အတွင်း မကောင်းသော အစဉ်အလာတရပ်ကို ဖြစ်ပေါ်ရာ ရောက်စေပါသည်” နှင့် “ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ အရေးယူရခြင်းမှာ နိုင်ငံတို့တွင် သမရိုးကျ ဆောင်ရွက်လေ့ရှိကြသည့် ပြည်တွင်းဥပဒေ ကျင့်သုံးမှုတခုသာ ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး သက်သက်သာ ဖြစ်ကြောင်း” ရေးသားထားသည်။ ဤသည်ကို စစ်အစိုးရပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များကလည်း ဖော်ပြကြသည်။
ထိုင်းအခြေစိုက် Altsean Burma ၏ ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံ မစ္စ Ms.Debbie Stothard ကလည်း အာဆီယံ ကြေညာချက်အပေါ် စစ်အစိုးရ၏ ပြင်းထန်သည့် တုံ့ပြန်ချက်သည် အတိုင်းအထက်အလွန် တုံ့ပြန်မှုသာ ဖြစ်ကြောင်း ပြောဆိုသည်။
“နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ရဲ့ တုံ့ပြန်မှုက လွန်ကဲတဲ့ တုံ့ပြန်မှုလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ တခုခု မှားလုပ်မိတယ်ဆိုတာ သူတို့ သိတယ်” ဟု သူက ဆိုသည်။
ဒေါ်စု နေအိမ်ခြံဝင်းအတွင်း တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား ယက်တောကြောင့် အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရခြင်းသည် စစ်အစိုးရအတွက် “ရှက်စရာကောင်းသည့် တရားစွဲဆိုမှု တခုသာ ဖြစ်ကြောင်း” သူက ဆက်ပြောသည်။
အာဆီယံ ကြေညာချက်၌ “လက်ရှိ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း ရှေ့မှောက်တွင် လေးစားမှု၊ အများ ယုံကြည်စိတ်ချရမှုသည် ချိန်ခွင်လျှာပေါ်တွင် ရှိနေကြောင်း” လည်း ဖော်ပြပါရှိသည်။
မစ္စ Debbie Stothard က “အာဆီယံ ကြေညာထုတ်ပြန်ချက်ကိုယ်က တကယ်တော့ အဲဒီလောက် အား မပြင်းပါဘူး။ ဒါပေမယ့် ကြေညာချက်ပါ ထိရောက်တဲ့ စာကြောင်းကတော့ နိုင်ငံတကာက လေးစားမှု၊ အများ ယုံကြည်စိတ်ချမှု ဆိုတဲ့အပေါ် နအဖက အထိမခံနိုင်တာနဲ့ အားနဲချက်တွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်” ဟု ပြောသည်။
၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်နှင့် လူမှုအဖွဲ့အစည်းများက ကန့်ကွက်ခဲ့သည့်ကြားမှ အာဆီယံ ပဋိညာဉ်အချက်ပါ လူ့အခွင့်အရေး လေးစားလိုက်နာမည့်အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
နိုင်ငံတကာအဖွဲ့အစည်းများက ဒေါ်စုကို အမြန်ဆုံး လွှတ်ပေးရန် ဆက်တိုက် ဖိအားပေး တောင်းဆိုခဲ့ရာမှ ယခုလို အာဆီယံ ထုတ်ပြန်ကြေညာချက်ကို စစ်အစိုးရက တု့ံပြန်ခဲ့ခြင်းသည် အခြား အာဆီယံအဖွဲ့ဝင်များ၏ ဝေဖန်မှုကို နအဖ အစိုးရအနေဖြင့် စိုးရိမ်နေသည့် လက္ခဏာသာဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ပြောဆိုသည်။
သူက “နောက်ထပ် အာဆီယံနိုင်ငံတွေက ဝေဖန်လာမှာကို စိုးရိမ်လို့ ဒီလို တုံ့ပြန်တယ်လို့ ထင်တယ်။ နောက်တခုက အာဆီယံက နောက်တဆင့် တက်လာမှာကိုလည်း သူ (နအဖ) စိုးရိမ်နေပုံရတယ်” ဟု ပြောသည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် မလေးရှား၊ စင်္ကာပူ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ ဘရူနိုင်း၊ ဗီယက်နမ်တို့ ပါဝင်ကြသည်။ အာဆီယံအသင်းကို ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ဖြစ်လာသည်။