ချင်းမိုင် (မဇ္ဈိမ)။ ။ ကော့သောင်းမြို့ခံ မဟုတ်သူများကို စိစစ်မှု တင်းကြပ်စွာ ပြုလုပ်ကာ နေရပ်ရင်းပြန်ပို့မှုများ ပြုလုပ်လျှက် ရှိသည်။
လေဆိပ်၊ သဘောင်္ဆိပ်၊ ကားဂိတ်တို့မှ ရောက်ရှိလာသူများကို မှတ်ပုံတင် စိစစ်ကာ ဒေသခံ မဟုတ်သူများကို ခေတ္တ ထိန်းသိမ်းထားပြီး နေရပ်သို့ ပြန်ပို့မှု မေလ ၂၂ ရက်နေ့ကတည်းက စတင်လာခဲ့သည်။
“အခု ကော့သောင်းက ဆေးရုံဟောင်းထဲမှာ ထိန်းထားတယ် အပြင်ထွက်ခွင့် မပေးဘူး။ နောက်တော့ ရပ်ကွက် ရယကတွေကို လူခွဲပေးလိုက်တယ်။ ပြီးတော့မှ တသုတ်ပြီး တသုတ် ပြန်လွှတ်နေတာ” ဟု ဒေသခံတဦးက မဇ္ဈိမ သို့ ပြောသည်။
“ကော့သောင်းမှာ ဘယ်ကို သွားမယ်ဆိုပြီး အတိအကျ ပြောနိုင်ရင်တော့ လွှတ်တယ်။ ဘယ်ကိုသွားမယ်။ နယ်ခံမရှိတဲ့ သူတွေကို ထိန်းတာ” ဟု သူက ဆက်ပြောသည်။
အာဏာပိုင်များက လူသိရှင်ကြား ထုတ်ပြန်ချက်မပြုသော လူစိမ်း လက်မခံသည့် အကြောင်းရင်းကို မသိနိုင်သော်လည်း ထိုင်းနိုင်ငံဘက်သို့ သွားရောက် အလုပ်လုပ်ကို်င်မည့် သူများ စီးနင်းလာသော လှေတစီး သူဌေးကျွန်းအနီးတွင် မှောက်ခဲ့မှုနှင့် ဆက်စပ်ဖွယ်ရှိသည်ဟု ဒေသခံများက ပြောကြသည်။
သို့သော်လည်း ယခု အချိန်ထိ အနယ်နယ် အရပ်ရပ်မှ ကော့သောင်းသို့ လာရောက်နေကြဆဲ ဖြစ်သည်။