ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်၏ အမှု ကြားနာစစ်ဆေးသည့် တရားခွင်ကို အများပြည်သူ ရှေ့မှောက်တွင် လွတ်လပ်စွာ စီရင်ပြုလုပ်ပါရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ထပ်မံ တောင်းဆိုသည်။
ယခုတပတ် တနင်္လာနေ့တွင် စတင်ခဲ့သည့် တရားရုံးထုတ် စစ်ဆေးမှုအတွင်း တရားရုံးတော်သို့ ဒေါ်စု၏ ရှေ့နေများက တောင်းဆိုရာ ပယ်ချခံရပြီး၊ ယနေ့တွင် အန်အယ်ဒီက ကြေညာချက်ထုတ်ကာ ထပ်မံ၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ဆိုလိုတာကတော့ဗျာ၊ ဒီလိုလုပ်တာ ကန့်ကွက်တယ်။ မတတ်သာလို့ စီရင်ပြီဆိုရင်လည်း အများပြည်သူ ရှေ့မှောက်မှာ စီရင်ပါ၊ တရားမျှတ မှန်ကန်စွာ စီရင်ဆုံးဖြတ်ပါ၊ … အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေးပါ၊ တရားမျှတ မှန်ကန်တဲ့ စီရင်ဆုံးဖြတ်မှု ဖြစ်ပါစေလို့ တောင်းဆိုတာပဲ” ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ၏ ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေး ဥပဒေစာအုပ်တွင် တရားစီရင်ရေးဆိုင်ရာ ပုဒ်မ ၂ (ဂ) ၌ ဥပဒေအရ တားမြစ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ခြင်း ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်းနှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၇၇ တွင်လည်း ပြစ်မှုတိုင်းအား သာမန်အားဖြင့် ပြစ်မှုကျူးလွန်ရာ နယ်မြေအတွင်း စီရင်ပိုင်ခွင့် အာဏာရှိသော တရားရုံးက စုံစမ်းစစ်ဆေး စီရင်ရမည်ဟု ပါရှိကြောင်း ကြေညာချက်တွင် ပြောဆို ထောက်ပြထားသည်။