မြစ်ကြီးနားမှာ အစိုးရ ဆန့်ကျင်စာများဖြင့် လှု့့ံဆော်

မြစ်ကြီးနားမှာ အစိုးရ ဆန့်ကျင်စာများဖြင့် လှု့့ံဆော်
by -
ဖနိဒါ
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုကို ကန့်ကွက်သည့်စာများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူငယ် တက်ကြွလှုပ်ရှားသူများက ယနေ့နံနက်က ရေးသား ဖြန့်ဝေခဲ့ကြ ...

ချင်းမိုင်(မဇ္ဈိမ)။     ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုကို ကန့်ကွက်သည့်စာများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူငယ် တက်ကြွလှုပ်ရှားသူများက ယနေ့နံနက်က ရေးသား ဖြန့်ဝေခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်း လွတ်ပေးရန်၊ ၂ဝ၁ဝ ရွေးကောက်ပွဲ အလိုမရှိ (Free Aung San Suu Kyi immediately and Against 2010 elections) ဆိုသည့် စာများအား မြန်မာသာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုး ရေးထားသည့် စာရွက်များကို လိုက်လံကပ်ခဲ့ကြသည်။

“ဒီမနက် ကျနော်တို့ စာလိုက်ကပ်တာက မလိုလားချက်တွေကို ထုတ်ဖော်ပြောဆိုတာက လွဲလို့ ကျနော်တို့ဘာမှ မတတ်နိုင်ဘူး။ ကျနော်တို့ လူငယ်တွေကနေ လူထုခေါင်းဆောင် တယောက်ကို သူတို့ လုပ်ချင်တလို လုပ်နေတာကို မလိုလားလို့ ကန့်ကွက်တဲ့ စာကို လိုက်ကပ်တာပါ” စာလိုက်ကပ်ခဲ့သူ ကချင်ကျောင်းသား သမဂ္ဂမှ လူငယ်တဦးက ပြောသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ မြို့သစ်၊ မြို့မ၊ ရန်ကြီးအောင်၊ ယုဇန၊ အောင်နန်း၊ ဧရာ၊ ဒူကထောင်ရပ်ကွက်များနှင့် ဒူကထောင် အမက(၁)ကျောင်းရှေ့၊ မြို့နယ် ပညာရေးရုံးများ၊ လူသွားများသည့် လမ်းဘေးဓါတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် စာများ ကပ်ခဲ့ခြင်း ဖြစ်သည်။

မြို့သစ်နှင့် ယုဇရပ်ကွက် လမ်းထောင့်ရှိ သုံးရာသီအအေးဆိုင်ရှေ့ ဆိုင်းဘုတ်တွင် ကပ်ထားသည့် စာကို  အမှတ် (၂) ရဲစခန်းမှ စစ်သားများ လာရောက် ဖြုတ်ယူသွားခဲ့သည်ဟု မြင်တွေ့လိုက်ရသူ တဦးက မဇ္ဈိမသို့ ပြောသည်။

မြစ်ကြီးနားမြို့ပေါ်အတွင်း လုံခြံုရေးများ တိုးချဲ့ ချထားသည်ဟု ပြောသည်။

“လုံခြံုရေးလဲ အများကြီး ချထားတယ်။ မြို့ပေါ် လမ်းထောင့်တိုင်း ညဆိုရင်လည်း  စောင့်ကြည့်နေကြတယ်။ နှစ်ယောက်တတွဲ တွဲချထားတယ်။ စစ်သားတွေဘဲ”ဟု ပြောသည်။