ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ရှိနေမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြောကြား

ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ရှိနေမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြောကြား
by -
ကိုဝိုင်း
ဖမ်းဆီး ထိန်းသိမ်းခံနေရသူ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွ သွေးစည်းညီညွတ်စွာ ရပ်တည်နေကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ယနေ့ ထုတ်ဖော် ပြောဆို ...

ချင်းမိုင် (မဇ္စျိမ)။     ။ ဖမ်းဆီး ထိန်းသိမ်းခံနေရသူ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွ သွေးစည်းညီညွတ်စွာ ရပ်တည်နေကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ယနေ့ ထုတ်ဖော် ပြောဆိုလိုက်သည်။

ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည် အမည်ကို လိပ်မူထားသည့် သူ၏ အိတ်ဖွင့်ပေးစာထဲတွင် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ လွတ်မြောက်ပြီး လုံခြံုစေရေးအတွက် သင် ပါဝင်ဆောင်ရွက်မှု မရမချင်း ကျွန်ုပ်တို့ ဆက်လက် ဆောင်ရွက်ပါမည်။ အကျဉ်းကျခံနေရသူများ၊ ဖိနှိပ်ခံနေရသူများ၊ ဒီမိုကရေစီ တိုက်ပွဲအတွက် မျှော်လင့်ချက်မဲ့နေသူများ၊ ဆင်းရဲငတ်မွတ်ဘေး ကြံုနေရသူများနှင့် လူ့အခွင့်အရေး ကာကွယ်သူများ အားလုံးဘက်က ကျွန်ုပ်တို့ ရပ်တည်သွားမည်။ ဒေါ်အောင်ဆန်းစုကြည် .. သင်သည် တဦးတည်း မဟုတ်ကြောင်း သင့်ကို သိစေချင်ပါသည်” ဟု ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုသည် တဦးတည်း မဟုတ်ဘဲ သူနှင့်အတူ ဗြိတိန်နိုင်ငံသူ-သားများသာမက ကမ္ဘာတဝန်းမှ ဒီမိုကရေစီနှင့် လွတ်လပ်မှု လိုလားသူအားလုံးက ရပ်တည်ထောက်ခံလျက်ရှိကြောင်း အိတ်ဖွင့်ပေးစာတွင် ဆိုထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်ကောင်း စိတ်ဓာတ်နှင့် သတ္တိရှိမှုအတွက် အသိအမှတ်ပြု ဂုဏ်ယူကြောင်း ပြောဆိုပြီး၊ စစ်အစိုးရသည် မြန်မာလူထုနှင့် နိုင်ငံတကာအသိုင်းအဝန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တရားမျှတ မှန်ကန်စွာ တောင်းဆိုနေသည်ကို လက်ခံရန် ဆက်လက် ငြင်းဆန်နေသည်ဟု ပြောသည်။   

မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် လွတ်လပ်မှု ရပိုင်ခွင့်များသည် ဆက်လက်ငြင်းပယ်နေကြောင်းနှင့် သမိုင်းတလျှောက်မှာ မတရားမှုများနှင့်သာ ပြည့်နှက်နေသကဲ့သို့ မျှော်လင့်ချက်၊ ခံနိုင်ရည်နှင့် လူသားများ၏ အလေးအနက် လိုလားတောင့်တချက် ဖြစ်သော လွတ်လပ်မှုများနှင့်လည်း ပြည့်ဝနေကြောင်း ရေးသားထားသည်။

“ကုလသမဂ္ဂ လုံခြံုရေးကောင်စီသည်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လိုအပ်သည့် အဆင့်များကို ချမှတ်ထားပြီးဖြစ်သကဲ့သို့ မြန်မာပြည်သူများ၏ ရပိုင်ခွင့်များကို ချိုးဖောက်နေသူများအား အဓိကထားပြီး တားဆီးပိတ်ဆို့မှုများ ပြုလုပ်နိုင်ရန် လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် အီးယူ (ဥရောပသမဂ္ဂ) နှင့် အတူတကွ လုပ်ဆောင်နေသည်။ ထို့အပြင် သင် (ဒေါ်အောင်ဆန်းစုကြည်) နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံ၏ အိမ်နီးနားချင်း အာရှနိုင်ငံများကိုလည်း တိုက်တွန်းတောင်းဆိုသွားမည်” ဟု ဆက်လက်၍ ဆိုထားပြန်သည်။

“မြန်မာနိုင်ငံသားတွေဟာ ရာစုနှစ်တဝက်နီးပါး အငြင်းပွားမှုများ၊ တိုက်ခိုက်မှုများနှင့် အထီးကျန်နေခဲ့ရပြီး ဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း မြန်မာစစ်အစိုးရကို ရှင်းလင်းစွာ အသိပေးလိုသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း သင့်ကို ဖမ်းဆီးထားသည့် ဗိုလ်ချုပ်ကြီးများကို အသိပေး ပြောကြားလိုက်ပါသည်” ဟု ပြောသည်။   

မြန်မာနိုင်ငံ အေးချမ်းတည်ငြိမ်ပြီး စီးပွားရေး ပြန်လည်ဦးမော့လာစေရန်အတွက် သင် (ဒေါ်အောင်ဆန်းစုကြည်) နှင့်အတူ တသွေးတည်း၊ တညီညွတ်တည်း ရှိသည့်အနေဖြင့် ဗြိတိသျှအစိုးရသည် နိုင်ငံတကာ အသိုင်းအဝန်းနှင့်အတူ ဆက်လက်ပြီး လက်တွဲလုပ်ဆောင်သွားမည်ဟု ဗြိတိန် ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။   

Most read this week