ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်းက မြန်မာစစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ၁ဝ နိုင်ငံ ပါဝင်သည့် အာဆီယံ အသင်းကြီးက ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး မကောင်းသည့်ကြားမှ အင်းစိန်ထောင်တွင် တရား ရင်ဆိုင်နေရခြင်းအတွက် အလွန် စိုးရိမ်ပူပန်ကြောင်းနှင့် အမြန် ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်ဟု အသင်း၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် ထိုင်းနိုင်ငံက ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားခြင်းမှ အမြန်လွှတ်ပေးရန် အာဆီယံ ခေါင်းဆောင်များက တောင်းဆိုခဲ့သည်ကို မြန်မာအစိုးရ အနေဖြင့် အမှတ်ရစေလိုကြောင်း ထပ်လောင်း ဖော်ပြထားသေးသည်။
ထို့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံ အနေဖြင့် လူ့အခွင့်အရေးကို ကာကွယ်ရန်နှင့် မြှင့်တင်ရန်လည်း တာဝန်ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အချိန်မီ လိုအပ်သည့် ဆေးကုသမှုပေးရန်နှင့် လူသားတဦး၏ ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံပြုမှုရန် ပြောဆိုထားသည်။
လက်ရှိအခြေအနေတွင် နိုင်ငံတကာက မြန်မာနိုင်ငံအား စောင့်ကြည့်လျက်ရှိပြီး မြန်မာအစိုးရ၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးအတွက် အရေးကြီးသည့် ကာလဖြစ်နေကြောင်းနှင့် အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရန်အတွက် အပြုသဘောဆောင်သည့် ချဉ်းကပ်မှုကိုသာ ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။