ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး တိုးတက်လာ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး တိုးတက်လာ
by -
ကိုဝိုင်း
အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ တိုးတက်လာပြီဖြစ်ကြောင်း သူမ၏ ပါတီပြောရေးဆိုခွင့်ရှိသူ အပြောအရ သိရ ...

ချင်းမိုင် (မဇ္စျိမ)။    ။ အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ တိုးတက်လာပြီဖြစ်ကြောင်း သူမ၏ ပါတီပြောရေးဆိုခွင့်ရှိသူ အပြောအရ သိရသည်။  

ယခုအခါ အစာအနည်းငယ် စတင်စားသောက်လာပြီဖြစ်ပြီး သွေးပေါင်ချိန်လည်း ပြန်တက်လာကာ၊ ရေဓာတ်ခန်းခြောက်မှုအတွက်မူ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း၏ ဆေးအကူ ဒေါက်တာပြံုးမိုအိက လိုအပ်သည့် ဓာတ်ဆားများ ပေးထားခဲ့ပြီး သောက်သုံးရန်လည်း မှာကြားခဲ့ကြောင်း သိရခြင်းဖြစ်သည်။

“အဲဒါကတော့ ၁၁ ရက်နေ့က ဆရာဝန်တွေ့တဲ့အချိန်မှာ ပြောတာကိုပဲ ကျန်းမာရေးက တိုးတက်လာတယ်။ ကောင်းလာပါပြီ။ စိုးရိမ်စရာမရှိဘူး။ ဒါပေမယ်လို့ ရေရှည် စစ်ဆေးကြည့်ရှုဖို့တော့ လိုအပ်တယ်။ အဲဒါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
 

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအား အထူးစိုးရိမ်ပူပန်လျက်ရှိပြီး သူမအနေဖြင့် ရေရှည်အတွက် ကျန်းမာရေးဆိုင်ရာ စစ်ဆေးကြည့်ရှု၊ စောင့်ရှောက်မှု ခံယူနိုင်ခွင့်ရှိကြောင်း အန်အယ်ဒီက ယမန်နေ့၌ ကြေညာချက်အမှတ် ရ/ ဝ၅/ ဝ၉ ထုတ်ပြန် ဖော်ပြခဲ့သည်။

“ဆေးကုသခွင့် ဥပဒေနဲ့အညီ ရထိုက်တယ်။ အဲဒါတွေကို ထောက်ပြတယ်။ ပုဒ်မ ၉ (စ) ရယ်။ သူ့အပေါ်မှာ ချမှတ်ထားတဲ့ တားဆီးမိန့်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ တားဆီးတာ မပါဘူးလို့ ပြောထားတယ်။ နောက်ပြီးတော့ ကျန်းမာရေး မကောင်းဘူးလို့ ကြားတဲ့အတွက် စိုးရိမ်တယ်ဆိုတာကို ကျနော်တို့ ကြေညာချက်ထုတ်တာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

တားဆီးမိန့်ထဲ၌ “နေအိမ်ပြင်ပသို့ ထွက်ခွာခွင့် လုံးဝမပြုရန်” ဆိုသည့်အချက် ပါဝင်နေသော်လည်း ယခင်ကလည်း ထွက်ခွာခွင့် ရခဲ့ဖူးကြောင်းနှင့် ထွက်ခွာခွင့်မရလျှင်လည်း ဆရာဝန် team တခုလုံးကို ခြံအတွင်းထားရှိ ကုသလျှင်လည်း ဖြစ်နိုင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို လစဉ်စစ်ဆေးပေးနေသည့် ဒေါက်တာတင်မျိုးဝင်းသည် ယခုလ ရ ရက်နေ့၌ အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှု ခံရပြီးနောက် သူ၏ လက်ထောက်ဆရာဝန် ဒေါက်တာပြံုးမိုအိက ယခုလ ၈ ရက်နေ့တွင် တကြိမ်၊ ၁၁ ရက်နေ့တွင် တကြိမ် ကုသမှုပေးခဲ့သည်။

ဒေါက်တာတင်မျိုးဝင်း သတင်းနှင့် ပတ်သက်၍ ရုံးထုတ်ပြီး ရမန်ယူသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း တရားဝင်ကြား သိရခြင်း တစုံတရာ မရှိသဖြင့် အတည်မပြုနိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်း ခိုးဝင်ခဲ့သည့် အမေရိကန်နိုင်ငံသားတဦးနှင့် ပတ်သက်၍လည်း မည်သို့မျှ ကြားသိရခြင်း မရှိကြောင်း သူက ပြောသည်။

အမေရိကန် သံရုံးကလည်း အဆိုပါ အမေရိကန် နိုင်ငံသားနှင့် တွေ့ခွင့်ပေးရန် မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း သိရသည်။ သို့သော် စစ်အစိုးရကမူ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

အမေရိကန်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် ဒေါက်တာတင်မျိုးဝင်းကို ထိန်းသိမ်းထားမှုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာတင်မျိုးဝင်းထံမှ ဆေးကုသခံယူခွင့်ကို ချက်ချင်းခွင့်ပြုရန်၊ သူမ၏ ရှေ့နေနှင့်လည်း ချက်ချင်း တွေ့ခွင့်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားခြင်းသည်လည်း ဥပဒေနှင့် မညီကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ကို ချက်ချင်း လွှတ်ပေးရန်တို့ ဖော်ပြတောင်းဆိုထားသည်။
 

Most read this week