ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ရမည်းသင်းမြို့ စျေးအတွင်းရှိ ရွှေဆိုင်အား ယခုလ ၆ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်၍ ရွှေထည်ပစ္စည်းများ လုယက်ခဲ့သူ ၃ ဦးအနက် မသင်္ကာဖွယ် ၂ ဦးအား ယမန်နေ့ နေ့ခင်းပိုင်းတွင် ရဲက ဖမ်းဆီးခဲ့သည်။
လုယက်သူများက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် လူတဦး သေဆုံးပြီး၊ ဆိုင်ရှင် မိသားစုဝင် ၂ ဦး ဒဏ်ရာ ရရှိခဲ့သည့် ဒေါ်အေးကြည်နှင့် သားများ ရွှေဆိုင်အား လုယက်မှုနှင့် ဆက်စပ်ကာ ရမည်းသင်းမြို့ခံ အသက် ၁၉ နှစ်နှင့် ၂ဝ နှစ်အရွယ် မွတ်စလင် ညီအကို နှစ်ဦးအား ပျော်ဘွယ် ရဲစခန်းက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
“မနေ့ကဆိုတော့ ကြာသပတေးနေ့ပေါ့နော်။ ရ ရက်နေ့ နေ့ခင်းလောက်မှာ သူတို့ ၃ ယောက်ထဲက ညီအကို နှစ်ယောက်ကို ရမည်းသင်း-ပျော်ဘွယ််အစပ်မှာ ဖမ်းမိတယ်။ ရဲစခန်းက လာပြောတယ်။ ပျော်ဘွယ် ရဲစခန်းမှာ ခေါ်စစ်နေတယ်” ဟု လုယက်ခံရသည့် ရွှေဆိုင်မှ အမည်မဖော်လိုသူ မိသားစုဝင်က မဇ္စျိမကို ပြောသည်။
ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ် နှစ်ခုကြားတွင် တည်ရှိကာ၊ ရမည်းသင်းမှ ကားဖြင့် သွားပါက တနာရီအကြာ ကွာဝေးသည့် ယင်းမာပြင်ကျေးရွာ၌ သူတို့အား ဖမ်းဆီးခဲ့ကာ၊ ယင်းမာပြင်သည် ပျော်ဘွယ်မြို့နယ်တွင် ရှိသဖြင့် သူတို့အား ပျော်ဘွယ် ရဲစန်း၌ ချုပ်နှောင်ထားသည်။
ရမည်းသင်း ရဲတပ်ဖွဲ့က ရွှေ တပိဿာနှင့် ၆ဝ ကျပ်သား၊ ကျည်ဘောက် ၂ ခုကို သိမ်းဆည်းရမိသည်ဟု ပြောဆိုကြောင်း ရွှေဆိုင်မိသားစုဝင်က ဆိုသည်။
“၃ ပွင့် အဆင့်ရှိ ရဲတယောက်က ဖုန်းဆက်ပြောတာ။ ရွှေပစ္စည်းတချို့ ယူထားတယ်။ ကျည်ဘောက် ၂ ခုနဲ့” ဟု သူက ပြောသည်။
ယခုလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်က သေနတ်သမား ၃ ဦးသည် ရမည်းသင်းစျေးရှိ ရွှေဆိုင်အတွင်း ဝင်ရောက်ကာ ခေါက်ကာဘိုင်ဟု ယူဆရသည့် သေနတ်ဖြင့် ရွှေထည်ပစ္စည်းများကို လုယက်ခဲ့သည်။
ရွှေဆွဲကြိုး အကုံး ၃ဝဝ (အလေးချိန် ၅ ပိဿာခန့်) နှင့် လက်ကောက်များ (၂ ပိဿာခန့်) ယူဆောင်ကာ ထွက်ပြေးခဲ့ပြီး၊ ဆိုင်ကယ်ဆီပြတ်၍ လမ်းဘေးတွင် ထိုးရပ်ထားသည့် စစ်မှုထောင်းဟောင်းတဦး၏ ဆိုင်ကယ်ကို လုယူကာ ပိုင်ရှင်အား ပစ်သတ်ခဲ့သည်။
ထို့အပြင် လုယက်သူများက ဆိုင်အတွင်း သေနတ်ပစ်ခတ်မှု ပြုလုပ်ခဲ့သဖြင့် ဒဏ်ရာရခဲ့သည့် ရွှေဆိုင်မိသားစုဝင် ဒေါ်ချိုပြံုးသည် မန္တလေး ဆေးရုံတွင် ဆက်လက်၍ ကုသနေရဆဲ ဖြစ်သည်။ အကိုဖြစ်သူ ဦးမျိုးသန်းမှာ ရမည်းသင်း ဆေးရုံသို့ တင်ခဲ့ရာမှ ယနေ့တွင် နေအိမ်သို့ ပြန်ရောက်လာပြီ ဖြစ်သည်။
လုယက်မှု မဖြစ်ခင် ၂ ရက်အလို၊ ယခုလ ၄ ရက်နေ့က မကွေးတိုင်း ရေစကြိုမြို့ အခြေစိုက် ခြေလျင်တပ်ရင်း - ခလရ ၂၅၆ ရှိ လက်နက်တိုက် ဖောက်ထွင်းမှု ဖြစ်ခဲ့သေးသည်။
လက်နက်တိုက် ဖောက်ထွင်းမှုနှင့် ရွှေဆိုင်လုယက်မှု ဆက်စပ်နိုင်သဖြင့် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှ ညွှန်ကြားထားသောကြောင့် ဒေသတွင်း ရဲနှင့် စစ်တပ်ဖွဲ့က ပူးတွဲ၍ ပိုက်စိတ်တိုက် ရှာဖွေစစ်ဆေးနေကြောင်း ရွှေဆိုင်မိသားစုဝင် အပြောအရ သိရသည်။
''လက်နက်ကိုင် တယောက်ကို နေပြည်တော် တိုင်းပြည်သူ့ ရဲချုပ်ကအစ ဦးစီးပြီးတော့ လမ်းတွေ ပိတ်ဆို့ပြီးတော့ ကားတွေ ရှာဖွေစစ်ဆေးတဲ့ အနေအထားအထိ လုပ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်နဲ့ နီးတော့ မမိရင် ပြုတ်ကုန်မယ့် သဘော သတင်းတွေ ထွက်နေတယ်'' ဟု သူက ပြောသည်။
ယခု အဖမ်းအဆီးသတင်းနှင့် ပတ်သက်၍ ရမည်းသင်း ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပါ။