ဒါကာ (မဇ္စျိမ) ။ ။ ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သူများအား နယ်စပ်ဖြတ်ကျော်မှုနှင့် ချိတ်ဆက် အမှုဆင်ပြီး ထောင်ဒဏ်ချမှတ်ရန် ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ညွှန်ကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ပြည်ပသတင်းဌာနများဖြင့် ဆက်သွယ်သူများကို လူဝင်မှုကြီးကြပ်ရေး - လဝက ပုဒ်မ တပ်ကာ ထောင်ဒဏ် ချမှတ်ရန် ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ ညွှန်ကြားထားခြင်း ဖြစ်သည်။
“နို်င်ငံရေးနဲ့ ဆက်စပ်တဲ့ လူတွေကို ဖမ်းမိရင် နိုင်ငံရေး ပုဒ်မ မတတ်ဘဲ၊ လဝက ပုဒ်မလောက်ကို တပ်ပြီးတော့ ပြစ်ဒဏ်အမြင့်ဆုံး အမိန့်ချဖို့ အနောက်ပိုင်းတိုင်းက ဖေဖော်ဝါရီလလောက် ကတည်းက ညွန်ကြားထားတယ်။ ရခိုင် တပြည်နယ်လုံးမှာပါ” ဟု စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှ အမည်မဖော်လိုသူ ရဲအရာရှိ တဦးက မဇ္စျိမကို ပြောသည်။
နိုင်ငံရေး ပုဒ်မတပ်ကာ တရားစွဲနိုင်သော အမှုများကို လဝက ပုဒ်မတပ်ပြီး ပြစ်ဒဏ် ချမှတ်ခြင်းသည် မြန်မာနို်င်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား မရှိကြောင်း မြန်မာအစိုးရက ပြသချင်၍ ဖြစ်ကြောင်း သူက ပြောသည်။
ပြီးခဲ့သည့်လ နောက်ဆုံးပတ်အတွင်းက ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ သဝန်ချောင်း ကျေးရွာသား ဦးမြတ်ထွန်း (ရဲဝန်ထမ်းဟောင်း) အား ပြည်ပ သတင်းဌာနများသို့ သတင်းပေးသည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်မှ အပြန် ဘူးသီးတောင် အခြေစိုက် အမှတ် (၂) ဗျူဟာရှေ့တွင် စစ်ဖက်ဆိုင်ရာ လုံခြံုရေးတပ်ဖွဲ့ - စရဖ က ဖမ်းဆီးခဲ့သည်။
ထို့နောက် မောင်တောရဲစခန်းသို့ လွှဲပြောင်းကာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃-၁ ဖြင့် ယခုလ ၁ ရက်နေ့တွင် မောင်တော မြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း အဆိုပါ တရားရုံးနှင့် နီးစပ်သူ ဒေသခံက ပြောသည်။
သူက “အမှန်တကယ်ဆိုရင် တရားမဝင် အသင်းအဖွဲနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇-၂ နဲ့ ဆိုရင် ၂ နှစ်လောက်ပဲ ပြစ်ဒဏ်ချလို့ ရမယ်။ အခုလို လဝက ပုဒ်မနဲ့တော့ ၅ နှစ်လောက်အထိ ချလို့ရတယ်။ နောက်ပြီးတော့ နို်င်ငံရေးသမား စာရင်းထဲကိုလည်း မဝင်တော့အောင် လုပ်တဲ့ သဘောပေါ့” ဟု ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီ လအတွင်းကလည်း တောင်ကုတ်မြို့မှ ကိုစန်းလွင်နှင့် စစ်တွေမြို့ ပါတလိတ်ချိတ် ရပ်ကွက်နေ ကိုသာထွန်း ကို ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရိဥ္စရာ သတင်းဌာနနှင့် ဆက်သွယ်သည့် အထောက်အထားများ ရရှိပါလျက်နှင့် မရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့်ပင် ထောင်ဒဏ် ၅ နှစ်စီ ပြစ်ဒဏ်ချခဲ့သေးကြောင်း နိရိဥ္စရာ သတင်းထုတ်ပြန်ချက်အရ သိရသည်။