ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်တွင်းထုတ် စာနယ်ဇင်းများတွင် ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်သော ရေထွက်ပစ္စည်း တင်ပို့မှု ကိန်းဂဏန်းများကို အတည်ပြုချက် မယူဘဲ ဖော်ပြခြင်းကို ပိတ်ပင်တားမြစ်မှုများ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြုလုပ်လာသည်။
အပတ်စဉ်ထုတ် ဂျာနယ်တခုတွင် ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်အတွက် ရေထွက်ပစ္စည်းတင်ပို့မှု လျာထားချက်ထက် တင်ပို့နိုင်မှုပမာဏ အလွန်အမင်း လျော့နည်းနေကြောင်း ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ဖော်ပြ ရေးသားခဲ့ပြီးနောက် မှားယွင်းသည်ဟု ဆိုကာ ငါးလုပ်ငန်းဦးစီးဌာနက သတင်း အချက်အလက်များကို လွတ်လပ်စွာ ရေးသားခွင့် ပေးထားသည်ကို ပိတ်ပင်ခြင်း ဖြစ်သည်။
မကြာသေးခင်က ကျင်းပသည့် ငါးလုပ်ငန်းဆိုင်ရာ အစည်းအဝေး တခုတွင် မီဒီယာများကို တက်ရောက်ခွင့်ပြုပြီး အစည်းအဝေးအတွင်း ပြောကြားချက်များကို လွတ်လပ်စွာ ရေးသားခွင့် ပေးခဲ့ရာမှ ယခုအခါတွင် မိမိတို့၏ ထောက်ခံချက်ရမှ သတင်းထည့်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန F.I.Q.C ဌာနခွဲအရာရှိက ပြောဆိုခဲ့သည်ဟု စုံစမ်းသိရှိရခြင်းလည်း ဖြစ်သည်။
စာပေကင်ပေတိုင်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသော စာပေစိစစ်ရေးဌာနကိုလည်း အကြောင်းကြားထားပြီဟု သူက ပြည်တွင်း စာနယ်ဇင်းများသို့ ပြောခဲ့သည်ဟု သိရသည်။
အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံးတွင် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို အင်္ဂါနေ့တိုင်း ပြုလုပ်လေ့ရှိရာ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အောက်ရှိ အသင်းများမှ တာဝန်ရှိသူများ၊ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်လေ့ရှိပြီး မွေး/ရေ ဝန်ကြီး တက်ရောက်သည့် အကြိမ်များပင် ရှိခဲ့သည်။
ယခုလို ကန့်သတ်ရခြင်းမှာ အချက်အလက်များ မှားယွင်းခြင်းကြောင့်ဟု အာဏာပိုင်များက ပြောခဲ့သော်လည်း အဓိက အကြောင်းအရင်းမှာ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ် တနှစ်လုံးစာ အချက်အလက်များကို ပြည်တွင်း ဂျာနယ်တခုက ထုတ်ဖော်ရေးသားခဲ့ရာတွင် လျာထားချက် ပမာဏထက် လျော့နည်းကြောင်းနှင့် ယခင်နှစ် ပို့ကုန်ရငွေထက် လျော့နည်းကြောင်း ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
“အချက်အလက်တွေကို နေပြည်တော်ကို မပို့ရသေးခင် ရေးလိုက်တာကြောင့်ပါ။ ငါးလုပ်ငန်းမှာက အပတ်စဉ်၊ လစဉ် ပြည်ပတင်ပို့တဲ့ ပမာဏ ကိန်းဂဏန်းတွေကို ပြောတယ်။ အဲဒါတွေကို ရေးလို့ရပေမယ့် တနှစ်လုံးစာ ခြံုပြီး သုံးသပ်တာတို့၊ ရေးသားတာတို့ကို ခွင့်မပြုဘူး။ အရင် ဒီဌာနကို ဝင်နေကျ သတင်းထောက်တွေက သိကြတယ်။ အခုကိစ္စမှာ အဲ့ဒီဂျာနယ်လစ်ကို ခေါ်တယ်၊ စာပေစိစစ်ရေးကိုလည်း တိုင်တယ်လို့ ကြားတယ်“ ဟု သူက မဇ္စျိမကို ပြောသည်။
ဘဏ္ဍာရေး နှစ်အလိုက် တင်ပို့မှုနှင့် နိုင်ငံခြားငွေ ရရှိမှုများကို အထက်သို့ အစီအရင်ခံရာတွင် အတိုးအလျှော့များ ပြုလုပ်လေ့ရှိသည်ဟု ငါးလုပ်ငန်းရှိ သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောသည်။
ကိန်းဂဏန်း အချက်အလက်များကို အထက်လူကြီးများ ဝေဖန်ပြစ်တင်ခြင်း မခံရစေရန် ဌာနများနှင့် အသင်းများ ညှိနှိုင်း၍ အလျှော့အတိုးလုပ်ပြီးမှ တင်ပြခြင်းဖြစ်သည်ဟု ဆိုသည်။
”ဒီနှစ်အတွက် သန်း ၈၅ဝ မှန်းထားတာ လျာထားချက်ရဲ့ ၅၆ ရာခိုင်နှုန်းလောက်ပဲ တင်ပို့နိုင်ခဲ့တယ်။ ငါးလုပ်ငန်းမှာက Positive View ကပဲ ရေးစေချင်တယ်။ ဒါကို ထောက်ပြီး ရေးလိုက်သလို ဖြစ်သွားတာကြောင့်ပါ။ အခုတော့ အချက်အလက်တွေ၊ ကိန်းဂဏန်းတွေ မပါဘဲ သတင်းရေးရမယ့် အနေအထားပဲ” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
ပြည်ပပို့ကုန်မှ နိုင်ငံခြားငွေ ရှာဖွေပေးနိုင်မှုတွင် စတုတ္ထနေရာတွင် ရပ်တည်နေသော ရေထွက်ပစ္စည်း တင်ပို့မှု ကဏ္ဍမှ ၂ဝဝ၈-၂ဝဝ၉ တွင် အမေရိကန်ဒေါ်လာ သန်း ၈၅ဝ ရရှိရန် လျာထားသည်။ နာဂစ်နှောင်းပိုင်း ကာလအထိ အပြင်းအထန် ထိခိုက်ခြင်း မရှိသေးသော ရေထွက်ပစ္စည်း Exports လုပ်ငန်းများသည် ရေလုပ်ငန်းများ ပြန်လည်၍ ဦးမော့လာစ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဂယက်တွင် ဆိုးဝါးစွာ ထိခိုက်နစ်နာခဲ့သည်။
ထို့ကြောင့် ၂ဝဝ၉ ခုနှစ် နှစ်ဦးပိုင်းတွင် မူလလျာထားချက် ဒေါ်လာသန်း ၈၅ဝ မှ ဖြစ်နိုင်ခြေရှိသော ဒေါ်လာ သန်း ၅ဝဝ ရရှိရေးသို့ ပြောင်းလဲလျာထား သတ်မှတ်ခဲ့သည်။ သို့သော် ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် ၄၈၃ ဒဿမ ဝ၈၂ သန်းသာ တင်ပို့နိုင်ခဲ့သည်ကို တွေ့ရသည်။