ရွှေလီ (မဇ္စျိမ) ။ ။ တရုတ်-မြန်မာနယ်စပ် အခြေစိုက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့မှ ခေါင်းဆောင်များနှင့် နအဖ စစ်အာဏာပိုင်များသည် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။
နအဖ စစ်ဖက်ရေးရာ လုံခြံုရေးအရာရှိချုပ် - စရဖ ဗိုလ်ချုပ်ရဲမြင့်နှင့် စစ်တိုင်းဌာနချုပ် တိုင်းမှူးများက ယမန်နေ့ တရက်ထဲ၌ပင် အပစ်ရပ် ၆ ဖွဲ့မှ ခေါင်းဆောင်များကို သက်ဆိုင်ရာ နယ်မြေများအလိုက် သီးခြားစီခွဲ၍ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်သည်။
ကချင်ပြည်နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ - KIO နှင့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) - NDAK အဖွဲ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြစ်ကြီးနားတွင် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက နံနက်ပိုင်းနှင့် ညနေပိုင်း အချိန်ခွဲကာ တွေ့ဆုံခဲ့သည်ဟု တရုတ်နယ်စပ်ရှိ စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက မဇ္စျိမကို ပြောသည်။
ရှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ အပစ်ရပ်အဖွဲ့များဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ - UWSP ၊ ရှမ်းပြည် အမျိုးသားတပ်မတော် (မြောက်ပိုင်း) – SSA (N)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - MNDAA နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - NDAA အဖွဲ့တို့ကို စရဖ အရာရှိ ချုပ်ဗိုလ်ချုပ်ရဲမြင့်နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - ရမခ တိုင်းမှူးက သီးခြားစီ တွေ့ခဲ့သည်။
UWSP ကို ရှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နှင့် တောင်ပိုင်း အမှတ် ၁၇၁ စစ်ဒေသအဖွဲ့ကို ရှမ်းပြည် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တို့တွင် သီးခြားစီ တွေ့ခဲ့ခြင်းနှင့် မြောက်ပိုင်းအား ပုံမှန်တွေ့နေကျ လားရှိုးတွင် မတွေ့ဘဲ တန့်ယန်းမြို့တွင် တွေ့ဆုံခဲ့ခြင်းက ထူးခြားနေကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။
“၂၈ ရက်နေ့ မနက် ၉ နာရီနဲ့ ၁၀ နာရီလောက်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ တိုင်းမှူးနဲ့ KIA နဲ့ တွေ့မယ်။ နေ့ခင်း ၁ နာရီခွဲလောက်မှာ စခုန်တိန့်ယိင်း အဖွဲ့နဲ့ တွေ့မယ်။ ရမခ တိုင်းအနေနဲ့တော့ ၂၈ ရက်နေ့ မနက်ပိုင်းမှာ တိုင်းမှူးနဲ့ SSA (N) လားရှိုး ရွှေလီဧည့်ရိပ်သာမှာ တွေ့မယ်။ ညနေပိုင်းမှာ လောက်ကိုင်း စစ်ဒေသမှူး ဗိုလ်မှူးချုပ်ဝင်းမောင်နဲ့ ကိုးကန့်အဖွဲ့ လောက်ကိုင်းမှာ တွေ့မယ်ပေါ့” ဟု သူက ပြောသည်။
ဗိုလ်ချုပ်ရဲမြင့်က အပစ်ရပ်အဖွဲ့များထဲတွင် လက်နက်ကိုင် စစ်တပ်အင်အား အတောင့်တင်းဆုံးဖြစ်သည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကို တန့်ယန်းမြို့တွင် နံနက်ပိုင်းက တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်းတွင် ဝတောင်ပိုင်း ၁၇၁ စစ်ဒေသနှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကို ကျိုင်းတုံတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ အပစ်ရပ်အဖွဲ့များဘက်မှ ခေါင်းဆောင်များအပြင် တိုက်ခိုက်ရေးတပ်မှ တပ်မှူးများပါ တပါတည်း တက်ရောက်ရန် နအဖဘက်က ကြိုတင်၍ အကြောင်းကြားခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် နအဖနှင့် အပစ်ရပ်အဖွဲ့များသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တပ်နှင့် ပတ်သက်သည့် ကိစ္စများကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် လက်ရှိ တွေ့ဆုံဆွေးနွေးပွဲများမှ တိကျခိုင်မာသည့် ရလဒ်မျိုး မထွက်ပေါ်နိုင်သေးဘဲ အပစ်ရပ်အဖွဲ့များကလည်း သူ့နည်းသူ့ဟန်နှင့် စဉ်းစားလုပ်ဆောင်ဖွယ်ရှိကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။
အပစ်ရပ်များသည် လက်နက်အပ်ခိုင်းခြင်း၊ တပ်များကို ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်းကို လက်ခံနိုင်ဖွယ် မရှိဘဲ၊ တဖက်သတ် ရေးဆွဲအတည်ပြုခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကို လုံးဝ လက်မခံနိုင်ကြောင်းနှင့် သက်ဆိုင်ရာ အပစ်ရပ် ခေါင်းဆောင်များက အထိမ်းအမှတ်နေ့များတွင် ပြောခဲ့သည့် မိန့်ခွန်းများတွင် ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။
နအဖ စစ်အာဏာပိုင်များက အပစ်ရပ်အဖွဲ့များ၏ လက်နက်ကိုင်တပ်များကို သက်ဆိုင်ရာ စစ်တိုင်းများအောက်ရှိ နယ်စပ်လုံခြံုရေးနှင့် အုပ်ချုပ်ရေး တပ်ဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းစေမည်ဆိုသည့် ယေဘုယျအချက်ကိုသာ ဆွေးနွေးဖွယ်ရှိပြီး ဤသည်မှာ မူလက လက်နက်ချခိုင်းခြင်းထက်စာလျှင် တထစ်လျှော့ လာရကြောင်းနှင့် အပစ်ရပ်များက စစ်အစိုးရကို ဗြောင်ကျကျ ထိပ်တိုက်ရင်ဆိုင်မှု မလုပ်ခဲ့သည်ကိုကြည့်ပြီး စစ်အစိုးရ ပြောသမျှ လိုက်လုပ်မည်ဆိုသည့် စဉ်းစားချက်မှာ လွဲမှားသည့် အယူအဆဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။
“အဖွဲ့အစည်းတွေက ဘာဖြစ်သွားနိုင်သလဲဆိုတော့ တချို့ခေါင်းဆောင်တွေဟာ အဖွဲ့အစည်းနဲ့ ကင်းကွာပြီးတော့ တခြားပါတီတခုထောင်ပြီးတော့ နိုင်ငံရေးလောကထဲကို ဝင်မယ်။ အချို့က တပ်နဲ့အတူ ရှိမယ်။ တပ်ကိုအပ်မယ့် အစီအစဉ်တော့ ဒီ ၁ နှစ်၊ ၂ နှစ်အတွင်းမှာ ရှိလိမ့်မယ် မထင်ဘူး KDA လို အဖွဲ့မျိုး၊ ဦးတိန်ယိင်းလို အဖွဲ့မျိုး၊ သူ ပြောင်းချင် ပြောင်းလို့ရမယ်၊ တခြားအဖွဲ့အစည်းတွေတော့ မထင်ဘူး” ဟု သူက ပြောဆိုသည်။
ကချင်ပြည်နယ်ရှိ ကချင်လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်တချို့သည် ကချင်ပြည်နယ် တိုးတက်ရေး ပါတီတခု တည်ထောင်ရန် အလားအလာရှိပြီး ထိုသို့ ပါတီထောင်ပါက မူလလက်နက်ကိုင် အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ရမည်ဟု သိရသည်။
လက်ရှိ ဆွေးနွေးပွဲများသည် နှစ်ဖက််စလုံးအတွက် အကျပ်ရိုက်နေပုံကို ဖော်ပြပြီး နအဖ ဘက်က လက်နက်ကိုင် အဖွဲ့များ ကိစ္စသည် ခေါင်းခဲစရာဖြစ်နေသလို အပစ်ရပ်များဘက်ကလည်း စစ်တိုက်ရန် လက်တွေ့အားဖြင့် ချက်ချင်း မဖြစ်နိုင်ဘဲ လက်နက်ကိုင်တပ်များ ပြင်ဆင်ဖွဲ့ရေးကိုလည်း လက်မခံနိုင် ဖြစ်နေသည်။