ချင်းမိုင် (မဇ္စျိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ထူးကဲစွာ ဝက်သေဆုံးမှုများ ဖြစ်ပေါ်နေရာ ဝက်တုပ်ကွေးရောဂါ စိုးရိမ်မှုကို မီးထိုးပေးလိုက်သည်။
တပိုင်တနိုင် ဝက်မွေးမြူးရေး လုပ်ငန်းများ လုပ်နေသည့် တွံတေးမြို့ အုတ်ဖို အနောက်ပိုင်းရပ်ကွက်၊ တံခွန်တိုင်နှင့် ဇီးဖြူကုန်းရွာတွင် ဝက်ကောင်ရေ ၂၅ ကောင်ခန့် ဧပြီ ၂၆ ရက်နေ့ကတည်းက သေဆုံးခဲ့သည်။
“မသေခင်မှာ ပါးစပ်ထဲက အမြှုပ်တွေ ထွက်တယ်။ ဆန့်တငင်ငင် ဖြစ်တယ်။ ၂ နာရီ လောက်ကြာရင် သေသွားတယ်။ သေသွားတဲ့ ဝက်တွေကို ဖော်လိုက်တဲ့အခါ အသားတွေက မဲပုပ်ပုပ် ဖြစ်နေတယ်။ အဲဒီ ဝက်တွေကို ကြည့်လိုက်ရင် ရေဓာတ် ခမ်းခြောက်တဲ့ အနေအထား ရှိတယ်။ ” ဟု တွံတေးမြို့ခံတဦးက မဇ္စျိမကို ပြောသည်။
ထို့အပြင် တွံတေးမြို့ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာဌာန ဝန်ထမ်းများသည် ဒေသတွင်းသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့် ရောဂါဖြစ်သည်ကို အမည်တပ်နိုင်ခြင်း မရှိကြောင်းနှင့် အခြား ကျေးရွာများတွင်ပါ ယခုလို ဝက်သေဆုံးမှုများ ပေါ်ပေါက်လာပါက အကြောင်းကြားရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ဇီးဖြူကုန်း ရွာသားတဦးက “ကျနော်တို့ ရွာမှာ ဝက်မွေးမြူရေး လုပ်တာတွေ ရှိတယ်။ တပိုင်တနိုင် မွေးမြူးရေးလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင် တယောက်ဟာ ဝက်အကောင်ရေ ၅ဝ လောက် မွေးထားရာမှာ အခုဆို ၂၂ ကောင်ပဲ ကျန်တော့တယ်။ ' ဟု မဇ္စျိမကို ပြောသည်။
ယခုအခါ တွံတေးမြို့ ဝက်သားဆိုင်များတွင် ဝက်သား အရောင်းအဝယ် ထိုင်းမှိုင်းသွားသည်။
မက္ကဆီကိုနိုင်ငံမှ စတင်ခဲ့သည့် ဝက်တုပ်ကွေးသည် ကမ္ဘာ့နိုင်ငံ အချို့သို့ ကူးစက်မှုရှိနေပြီး စိုးရိမ်သောက များနေချိန်တွင် ဝက်များ ယခုကဲ့သို့ အစုလိုက် သေဆုံးခြင်းက လူအများ အာရုံစိုက်စရာ ဖြစ်လာစေခဲ့သည်။