နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံ မြို့နယ်တချို့တွင် ဝမ်းရောဂါဖြစ်နေစဉ် စစ်ကိုင်းတိုင်း မုံရွာတွင်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည်။
ယခုရက်ပိုင်းအတွင်း မုံရွာတွင် ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ပုဂ္ဂလိက ဆေးခန်းများ အဆိုအရ သိရခြင်း ဖြစ်သည်။
“ဝမ်းလျှောတာတွေ ဖြစ်နေတယ်။ ကျမ သားငယ်လေး ဆေးခန်းသွားပြတော့ ဆေးခန်းမှာ ဝမ်းလျှောတဲ့ ကလေးတွေ အများကြီး ရှိတယ်။ ဆေးရုံမှာလည်း ကလေးဆောင်မှာ အများကြီး ဆေးရုံ တက်နေရတယ််။ ကလေး အထူးကု ဆေးခန်းတွေမှာလည်း ကလေးတွေ အများကြီးပဲ ဝမ်းလျှောလို့ လာပြကြတယ်” ဟု မိခင်တဦးက ပြောသည်။
ပုဂ္ဂလိကဆေးခန်း ဖွင့်ထားသည့် ဆရာဝန်တဦးကလည်း “ဝမ်းပျက်ဝမ်းလျှောတွေက တော်တော်ကြီး များတယ်။ ရပ်ကွက်ပေါင်းစုံလို ဖြစ်နေတယ်။ ဆေးရုံမှာလည်း ဝမ်းပျက်ဝမ်းလျှောက တော်တော် များလာတယ်။ ကျနော့်အနေနဲ့ အတိအကျ ပြောလို့ မရဘူး။ အပြင်ဆေးခန်းတွေမှာလည်း အများကြီးပဲ။ လူနာ ၅ ယောက်ဆိုရင် ဝမ်းပျက်ဝမ်းလျှောက ၃ ယောက်လောက် ရှိတယ်။ တနေ့ကို ဆေးခန်းတခန်း ပျမ်းမျှခြင်းအားဖြင့် ၃ဝ လောက် ရှိလိမ့်မယ် ထင်တယ်” ဟု ပြောသည်။
သူက ဆက်ပြီး ''အခုဖြစ်တာက ရာသီဥတုကြောင့်လည်း ပါတယ်၊ အစားကြောင့်လည်း ပါတယ်။ ရာသီဥတုက ပူပြင်းလာတဲ့အတွက် အစားအသောက်ထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်တဲ့ ပိုးတွေ ပေါက်လာတယ်။ အစားအသောက်က သန့်သန့်ရှင်းရှင်း ပြင်ဆင်စားသောက်တတ်တဲ့ ဓလေ့ မရှိတဲ့အတွက် အစားအသောက်က ကူးစက်တာဖြစ်တယ်” ဟု ပြောသည်။
မုံရွာမြို့ မိုးလေဝသနှင့် ဇလဗေဒသို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ရှိသူတဦးက နေအပူချိန်မှာ ၃၈ စင်တီဂရိတ်အထိ ရှိနေကြောင်း ဖြေကြားခဲ့သည်။
ဆရာဝန်က “အခုဖြစ်နေတာက အကုန်လုံးက ကာလဝမ်းရောဂါ မဟုတ်ဘူး။ သို့သော်လည်း တချို့တလေက ကာလဝမ်းရောဂါဖြစ်တာ သေချာတယ်။ သေချာတယ်ဆိုတာက ဝမ်းကို ပိုးမွေးလိုက်တဲ့ အခါကျတော့ ကာလဝမ်းရောဂါ ပိုးပေါက်တဲ့ Case တွေ လာတယ်။ ကျနော်တို့အနေနဲ့ ဆေးကုသမှုမှာ အထူး ဂရုစိုက် ကုသနေရတယ်” ဟု ပြောသည်။
မုံရွာမြို့နယ် ကျန်းမာရေးဦးစီး ဌာနက ယမန်နေ့ ညနေပိုင်းမှ စတင်ကာ မြို့တွင်း၌ ကားဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် ဝမ်းရောဂါ သတိပေးချက်များ ပြုလုပ်ခဲ့သည်။
ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပိုမို သိရှိနိုင်ရန်အတွက် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းက ပြန်လည်ဖြေကြားခြင်း မရှိဘဲ ဖုန်းချသွားသည်။
ယခုလအတွင်း ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းရှိ မြို့ကြီးအချို့တွင် ဝမ်းရောဂါဖြစ်ရာ သေဆုံးမှုများပါ ရှိခဲ့သည်။