ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေး အိုးဘိုထောင်ထဲတွင် ကိုယ်ဝန်ပျက်ကျခဲ့သူ မကေသီအောင်နှင့် မန္တလေး တိုင်းစည်း အဖွဲ့ဝင် ၂ ဦးအား အာဏာပိုင်များက ပြီးခဲ့သည့် လနှောင်းပိုင်းနှင့် ယခုလဆန်းအတွင်း နယ်ထောင်များဆီ ပြောင်းရွှေ့ခဲ့သည်။
မကေသီအောင်ကို တနင်္သာရီတိုင်း ထားဝယ်ထောင်၊ မန္တလေး တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြကို ကချင်ပြည်နယ် ပူတာအိုထောင်နှင့် မတ္တရာအမတ် ဦးသန်းလွင်ကို ကယားပြည်နယ် လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းပစ်ခဲ့ခြင်း ဖြစ်သည်။
“မနေ့က ပြန်လာတယ်လေ။ ထားဝယ်ထောင်ကနေ ပြန်လာတာ” ဟု မကေသီအောင်ထံ ထောင်ဝင်စာ သွားတွေ့ရာမှ ယမန်နေ့က မန္တလေးသို့ ပြန်လာခဲ့သူ မိသားစုဝင်တဦးက မဇ္စျိမကို ပြောသည်။
ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက အိုးဘိုထောင်ထဲတွင် ကိုယ်ဝန် ၆ လရှိစဉ် ပျက်ကျခဲ့သူ မကေသီအောင်ကို ပြီးခဲ့သည့် မတ်လ ၂၉ ရက်က ပြောင်းပစ်ခဲ့သည်။
သူမသည် ပြောင်းရွှေ့လိုက်သည့် ထောင်တွင်း၌ ဂျပိုးကိုက်သဖြင့် အနာများ ပေါက်နေကြောင်း သိရသည်။
သူ့အတွက် ယခုအပတ်အတွင်း အယူခံဝင်ရန် ပြင်ဆင်နေသည်ဟု သူ၏ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“အရင် အယူခံရတာ ၁ဝ နှစ် လျှော့ပေးခဲ့တယ်။ ဒီတပတ်အတွင်း ထပ်ပြီး အယူခံ တက်မယ်။ ပြစ်မှုဆိုင်ရာ ဆက်တက်ဖို့ ပြင်ဆင်ထားပြီးပါပြီ” ဟု သူက ပြောသည်။
၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ နှစ်ခုဖြင့် ၂ မှု၊ လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ဥပဒေပြဋ္ဌာန်းချက် ၂ မှုတို့ဖြင့် ထောင်ဒဏ် ၂၆ နှစ် ကျခံနေရာမှ ၁ဝ နှစ် လျှော့ချခဲ့သောကြောင့် ၁၆ နှစ်သာ ကျန်ရှိတော့သည်။
ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသူ မန္တလေး အန်အယ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြလည်း ပြီးခဲ့သည့် လအတွင်းက ကချင်ပြည်နယ် ပူတာအိုထောင်သို့ ပြောင်းရွှေ့ခံရသည်။
သူနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် မန္တလေး တိုင်းစည်းဝင်များဖြစ်သည့် ဦးကံထွန်း (တိုင်း အတွင်းရေးမှူး) ၁၂ နှစ်၊ ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်) ၂ နှစ်၊ ကိုမင်းသူ (မိုးကုတ်) ၁၃ နှစ်နှင့် ကိုဝင်းရွှေ (ကျောက်ပန်းတောင်း) ၁၁ နှစ်သည် အိုးဘိုထောင်ထဲတွင် ဆက်လက်၍ ပြစ်ဒဏ်များ ကျခံနေရဆဲ ဖြစ်သည်။
အစိုးရကို အကြည်ညို ပျက်စေရန် ပြောဆိုမှု - ပုဒ်မ ၅ဝ၅ (ခ)၊ ဘာသာ သာသနာအား အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု - ပုဒ်မ ၁၉၅ (က)၊ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု - ပုဒ်မ ၁၄၇ စသဖြင့် အာဏာပိုင်များက သူတို့ကို စွဲချက်တင်ခဲ့သည်။
ယခုလ ၁ ရက်နေ့တွင် ဒေါ်ဝင်းမြမြကို ၄ နှစ်နှင့် မတ္တရာအမတ် ဦးသန်းလွင်၊ ဦးကံထွန်း၊ ကိုတင်ကိုကို၊ ကိုမင်းသူ၊ ကိုဝင်းရွှေတို့ကို မန္တလေး တိုင်းတရားရုံးက ပြစ်ဒဏ် ၂ နှစ်စီ လျှော့ချလိုက်ကြောင်း အမှုအကျိုးဆောင် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“လဆန်းပိုင်းက ရုံးချုပ်က အမိန့်ထုတ်လိုက်တယ်။ ပြစ်ဒဏ်တွေကို လျှော့လိုက်တာ။ စွဲထားတဲ့ ပုဒ်မတွေကို ပေါင်းပြီးတော့ လျှော့လိုက်တာပါ။ ကျနော် ဆက်တိုက် ဝင်တယ်။ ဒေါ်ဝင်းမြမြတို့ကို ၄ နှစ် လျှော့တာ။ ကျန်တဲ့ လူတွေကိုတော့ ၂ နှစ်စီ။ မန္တလေး တရားရုံးချုပ်က လျှော့လိုက်တာပါ” ဟု သူက ပြောသည်။
သူတို့ ၅ ဦးနှင့်အတူ အဖမ်းခံခဲ့ရပြီး ပြစ်ဒဏ် ၈ နှစ်ကျခံနေရသူ မတ္တရာအမတ် ဦးသန်းလွင် (မန္တလေးတိုင်း အန်အယ်ဒီ ဒု-ဥက္ကဋ္ဌ) ကိုလည်း ယခုလဆန်းပိုင်းတွင် အိုးဘိုထောင်မှ ကယားပြည်နယ် လွိုင်ကော်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။
“လွိုင်ကော်ထောင် ပြောင်းလိုက်တာ လဆန်းမှာပဲ။ ကျမတို့လည်း တပတ်ကြာတော့ လိုက်သွားတာ။ မျက်လုံးက ရဲနေတုန်းပဲ။ မျက်ရည်တွေ စီးကျနေတယ်။ ပြောပြတာကတော့ အကျဉ်းသား ၆ ယောက်ရှိတယ်၊ သူတို့ နှစ်ယောက်နဲ့တော့ စကားပြောရတယ်လို့ ပြောတယ်။ နှစ်ယောက် တခန်းစီ ထားတယ်” ဟု သူက ပြောသည်။
လွိုင်ကော်ထောင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက်မှ ဦးမြင့်အေး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ရှိနေကြောင်း သိရသည်။