ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအနီးရှိ စစ်အင်ဂျင်နီယာတပ် အမှတ် ၉၆၃ ရုံးခန်း မီးလောင်မှုနှင့် ပတ်သက်၍ ကျောက်ထုလုပ်သား တဦးကို မီးရှို့ခြင်း အပါအဝင် ရိုက်နှက် စစ်ဆေးခဲ့သည်ဟု ကိုယ်တိုင် မြင်တွေ့ခဲ့ရသူက ပြောသည်။
ပြီးခဲ့သည့်လ ၂၈ ရက်နေ့ နံနက် ၄ နာရီခန့်က မီးလောင်ခဲ့ပြီး၊ ထိုနေ့ ညနေ ၆ နာရီခန့်တွင် ကျောက်ထုလုပ်သား ၂၂ ဦးကို လှည်းကူးမြို့နယ် ဖောင်ကြီး ရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့ပြီး ၂၂ နှစ်အရွယ် ကိုဇော်လတ်ကိုမူ ယောက်ျားအင်္ဂါကို မီးရှို့၍ ရိုက်နှက်စစ်ဆေးခဲ့ကာ အင်းစိန်ထောင်ထဲတွင် ယနေ့တိုင် ဖမ်းဆီးထားခြင်း ဖြစ်သည်။
''ကျနော်နဲ့ သူ့အမေနဲ့ သူငယ်ချင်းတယောက်ကို ပြတယ်။ မီးနဲ့ ရှို့ထားတယ် ခင်ဗျ။ ဧပြီ ၁ဝ ရက် ရုံးချိန်းနေ့က တွေ့ခဲ့တာပါ။ ၂၈ ရက်နေ့ ဖောင်ကြီးစခန်းမှာ ဖမ်းပြီးကတည်းက သူ့ကို အဲလို စစ်တာခင်ဗျ။ ချုပ်ရက် ရမာန်ကို ၃ဝ ရက်နေ့မှ ယူတယ်ဆိုပေမယ့် ၂၈ ရက်နေ့ ညနေကတည်းက ဖမ်းပြီး အဲလိုစစ်တာ'' ဟု တရားရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ကျောက်ထုလုပ်သား ခေါင်းဆောင် ဦးကြည်လှက မဇ္ဈိမကို ပြောသည်။
ကိုဇော်လတ်ကို ထိုကဲ့သို့ ညှဉ်းပမ်း နှိပ်စက်ခဲ့ပုံကို သူနှင့် အတူတကွ အဖမ်းခံရသူများကလည်း အတည်ပြု ပြောဆိုသည်။
“ကလေးတွေ မဖမ်းပါနဲ့ ကျနော့်ကို ဖမ်းပါလို့ ပြောတော့ ကျနော့်ကို မဖမ်းဘဲနဲ့ ထားခဲ့တယ်။ လေးအိမ်စု ရွာလေးမှာ။ နုံနုံအအ ၂၂ ယောက်ကို ဖောင်ကြီးရဲစခန်းကို ဆွဲခေါ်သွားတယ်။ ဖောင်ကြီးရောက်တော့ လေးအိမ်စုက အကြီးကောင်ဆိုတဲ့ တယောက်နဲ့ ဖောင်ကြီးက ဇော်လတ်ဆိုတဲ့ တကယ့်ကို နုံနုံအအ ၂ ယောက်ကို ခေါ်ထားလိုက်တယ်။ ၂၉ ရက်နေ့မှာ မင်းမင်းနဲ့ လင်းလင်းကို ထပ်ခေါ်တယ်။ ၃ဝ ရက်နေ့ကျ အားလုံးကို ပြန်လွှတ်တယ်။ ဇော်လတ်ကိုပဲ ဖမ်းထားလိုက်တယ်” ဟု ဦးကြည်လှက ပြောသည်။
အလုပ်သမား၊ လယ်သမားများ အမှုအခင်းဖြစ်လျှင် လိုက်ပါဆောင်ရွက်ပေးနေသော ပဲခူးမြို့ရှိ လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့် ကလည်း “ဒီလ ၂၇ ရက်နေ့ဆို ချုပ်ထားတာ တလပြည့်ပြီ။ အမှုလည်း မစစ်သေးဘူး။ အမှုတွဲလည်း မတင်သေးဘူး။ ရမာန်ကို ပထမ ၁၄ ရက် ယူလိုက်တယ်။ နောက်ထပ် ၁၄ ရက်ထပ် တောင်းတယ် သူတို့။ အခုချိန်ထိ စွဲချက်မတင်သေးဘဲနဲ့ ဘလိုင်းကြီးသက်သက် ဒုက္ခရောက်နေတာ။ ရမာန်ပြည့်တဲ့အပြင် ၂ ရက် ထပ်ချုပ်ထားတယ်” ဟု ပြောသည်။
ကိုဇော်လတ်ကို ပုဒ်မ ၆/၁ ၊ ၄၃၆ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှု၊ မတရားဖျက်ဆီးမှုတို့ဖြင့် စွဲဆိုရန် လှည်းကူးရဲစခန်းက ပြင်ဆင်နေကြောင်း သိရသည်။
မီးလောင်စဉ်က ပဲခူးရိုးမအတွင်းရှိ ကျောက်မိုင်းတွင် မိုင်းခွဲရန်အတွက် မိုင်းများ ရုံးထဲတွင် ရှိနေသဖြင့် မီးလောင်သောအခါ ရုံးခန်းအနားသို့ မကပ်ရဲကြောင်း ကျောက်ထုလုပ်သားများ အဆိုအရ သိရသည်။
အလုပ်သမားများသည် အင်ဂျင်နီယာတပ်က တပ်မ ၆ဝ၅ နှင့် ၃၃၇ အတွက် လမ်းဖောက်ပေးရာ ဝင်ရောက် အလုပ်လုပ်နေပြီး တာဝန်ခံ တပ်ကြပ်ကြီး စိုးလွင်၊ တပ်ကြပ်ကြီး အောင်ခင်စော၊ အရပ်စည်း အရှည်ကြီး ခေါ် အောင်ချိုဦးတို့က ဦးစီးကွပ်ကွဲနေသည်။
“အောင်ချိုဦးက ညတိုင်း စစ်တပ်ထဲက ဆီခိုးထုတ်တယ်။ အဲလို မီးမလောင်ခင်ညက အလုပ်သမားခေါင်း ဦးကြည်လှတို့ ဆိုင်မှာပဲ ချိန်းကြတယ်။ ခါတိုင်းဆိုရင် ဂိုထောင်ထဲက ဆီခိုးထုတ်ရတယ်။ ဒါပေမဲ့ အဲဒီနေ့က ရုံးခန်းထဲက ဆီကို ထုတ်ရမှာ ဖြစ်တယ်လို့ သူတို့ ပြောပါတယ်။ အဲဒီနေ့မှာပဲ မီးလောင်တာဖြစ်တယ်လို့ သိရတယ်” ဟု ဦးအေးမြင့် က ပြောသည်။
လုပ်သားခေါင်း ဦးကြည်လှကလည်း “မီးလောင်တဲ့ အချိန်မှာ တပ်ကြပ်ကြီး အောင်ခင်စောဆိုရင် အိပ်ယာကနေ ထပြေးရတာ အဝတ်အစား မပါဘူး။ အဲဒီအချိန်မှာ အရပ်စည်း အောင်ချိုဦးကတော့ ကားတွေရော၊ ဆိုင်ကယ်တွေရော၊ ဆီပုံးတွေရော အကုန်ထုတ်နိုင်တယ်။ အဲဒီမှာ ရှိတဲ့သူတိုင်း ဒါကို သိတယ်။ မီးလောင်တဲ့ အချိန်မှာ သူက ကြိုသိနေတယ်” ဟု ဆိုသည်။
တပ်အနေဖြင့် ရုံးခန်း မီးလောင်မှုကို အရပ်သားများသို့ လွှဲချနေပြီး တပ်ဝန်ထမ်းများ အလုပ်မပြုတ်ရေးအတွက် လာရောက်ညှိနှိုင်းမှုများ လုပ်နေကြောင်းနှင့် လှည်းကူးမြို့နယ် တရားသူကြီး ဦးသိန်းဋ္ဌေး၊ ဥပဒေ အရာရှိ ဦးလှမြင့် အပါအဝင် ရဲစခန်းမှ တရားလိုပြ သက်သေပင် လက်မခံဘဲ အရပ်သားများက မီးရှို့ကြောင်း အတင်းအကျပ် ဝန်ခံခိုင်းနေသည်ဟု သိရသည်။
ဦးကြည်လှက “စစ်တပ် ဆောက်လုပ်ရေးက တာဝန်ခံ အရာခံဗိုလ် ဦးအောင်နိုင်က လာပြောတာပါ။ သူက အရက်မူးပြီး ရှို့မိပါတယ်လို့ ဝန်ခံပေးပါ။ အဲလို ဝန်ခံပေးမယ်ဆိုရင် ကလေးကို သက်သာအောင် သူတို့ စီစဉ်ပေးပါမယ်လို့ ပြောတယ်။ ဒီကလေးမှာ အပြစ်မရှိပါဘူးလို့ ရုံးတော်မှာ ၁၆၄ နဲ့ ကြိုတင်ထွက်ချက်ဆိုပြီး ကျနော် ပေးတယ်။ ပေးတဲ့ဟာကို မနေ့က ဥပဒေ အရာရှိကို သွားမေးတယ်။ ဒီဟာကို တရားလိုပြ သက်သေအဖြစ် ထည့်ပေးနိုင်သလားဆိုတော့ မထည့်ပေးနိုင်ဘူးတဲ့” ဟု ပြောသည်။
တပ်အာဏာပိုင်များက ယခုကိစ္စကို အကြောင်းပြု၍ ကျောက်ထုလုပ်သားများ၏ လုပ်အားခများကို ထုတ်မပေးဘဲ အချိန်ဆွဲထားသည်။
ဦးကြည်လှက “ကျောက်ထုရတာက ကျောက်တုံးတတုံးကို ယောကျ်ားသုံးဖက်စာလောက် ရှိပါတယ်။ အဲဒါ ၁ဝ ဘီးကား တစီးကို ၈ဝဝဝ ကျပ် ရပါတယ်။ ကျောက်တုံးကြီးတွေကို ၉/၈ ၊ ၄/၆ ကျောက်တုံးကြီးတွေ ခွဲပေးရတယ်။ ၁၁ လပိုင်း ၂၇ ရက်နေ့ကနေ လုပ်လာရတာ ဒီအချိန်ထိပေါ့။ နောက်ဆုံးတော့ ကျနော်တို့က ငွေ သိန်း ၃ဝ - ၄ဝ လောက် ရစရာ ရှိပါတယ်။ ဒီပြဿနာဖြစ်လာတော့ ဒီပိုက်ဆံလည်း မပေးရရေး၊ သူတို့လည်း အမှု မပတ်ရေးဆိုပြီး ဒီကလေးကို လုပ်တာပါ။ ငွေမရလို့ မီးရှို့တယ်ဆိုပြီး လုပ်ကြတာ” ဟု ပြောသည်။
ကိုဇော်လတ်မှာ ကျောက်ထု အလုပ်စခန်းကို မီးမလောင်မီ ၂ ရက်ခန့်ကမှ ရောက်လာသည့် လူသစ်ဖြစ်ပြီး၊ နှိပ်စက်မေးမြန်းမှုကြောင့် စိတ်ကယောင်ချောက်ချား ဖြစ်နေကြောင်း သိရသည်။