လပွတ္တာမှာ မြို့သစ်ဖောက်၊ အိမ်ခြံမြေ အရောင်းသွက်

လပွတ္တာမှာ မြို့သစ်ဖောက်၊ အိမ်ခြံမြေ အရောင်းသွက်
လပွတ္တာမြို့မှ ၃ မိုင်အကွာ မြောင်းမြ-လပွတ္တာ ကားလမ်းဘေး ဝဲဘက်အခြမ်းတွင် မြို့ကွက်သစ်များ တည်ဆောက်လျက်ရှိရာ နာဂစ်မုန်တိုင်းနောက်ပိုင်း အိမ်ခြံမြေအရောင်းစျေးကွက် ဆက်လက်၍ သွက်လက်နေကြောင်း သိရ ...

လပွတ္တာ။     ။ လပွတ္တာမြို့မှ ၃ မိုင်အကွာ မြောင်းမြ-လပွတ္တာ ကားလမ်းဘေး ဝဲဘက်အခြမ်းတွင် မြို့ကွက်သစ်များ တည်ဆောက်လျက်ရှိရာ နာဂစ်မုန်တိုင်းနောက်ပိုင်း အိမ်ခြံမြေအရောင်းစျေးကွက် ဆက်လက်၍ သွက်လက်နေကြောင်း သိရသည်။

ကွက်သစ်တွင် နာဂစ်ဒုက္ခသည်များကို နေရာချပေးမည်ဟု ယခင်က ကြားသိရသော်လည်း မြို့နယ်ကောင်စီ - မယက က ငွေကြေးတတ်နိုင်သူများကို ပြန်လည်ရောင်းချနေရာ မြေကွက်များ ရောင်းအားတက်နေခြင်း ဖြစ်သည်။

''အစကတော့ ဒုက္ခသည်တွေကို နေရာပေးမယ်လို့ ကြားတယ်။ အခု မြေကွက်တွေဖော်ပြီးတော့ ကြိုက်တဲ့လူ ဝယ်လို့ရတယ်လို့ ပြောတယ်။ မြေကွက်တကွက်ကို ၁ဝ သိန်း၊ လမ်းမတန်းက ၁၅ သိန်းလို့ ကြားတယ်။ တချို့တွေက မယက ဆီမှာ ၁၅ သိန်းနဲ့ ဝယ်ပြီးပြီလို့တောင် ပြောနေကြတယ်'' ဟု လပွတ္တာမြို့ခံတဦးက မဇ္စျိမကို ပြောသည်။

ကွက်သစ်ဖော်နေသည့် နေရာသည် နာဂစ်မုန်တိုင်း ဖြစ်ပြီးနောက် လပွတ္တာမြို့သို့ ရောက်ရှိလာကြသည့် ဒုက္ခသည်များကို ရွှေ့ပြောင်းထားရှိသည့် ၃ မိုင် စခန်းနေရာတွင်ဖြစ်ပြီး၊ အဓိက လမ်းကြီးများ၊ လမ်းသွယ်များ ဖောက်လုပ်ပြီးစီးပြီဖြစ်သည်။   

၂ဝဝ၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် လပွတ္တာမြို့၌ အစိုးရ၊ ဌာနဆိုင်ရာနှင့် ပုဂ္ဂလိက အဆောက်အဦသစ်များ ထပ်မံဆောက်လုပ်မှု များပြားလာခြင်း၊ ရန်ကုန်မှ လာရောက်ရုံးစိုက်သော အစိုးရ မဟုတ်သော အဖွဲ့အစည်း - NGO များ၏ ပုတ်ပြတ် ငှားရမ်းမှုကြောင့် မြေစျေးနှင့် အိမ်ငှားစျေးများ တဖြည်းဖြည်း မြင့်တက်နေဆဲဖြစ်သည်။   

လပွတ္တာမြို့ ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင်ရှင်တဦးက ''ကမ်းနားလမ်းမှာ ၅ဝ×၆ဝ တကွက်ကို သိန်း ၂ဝ နဲ့ ဝယ်ထားတာ အခုဆို ၄ နှစ်ရှိပြီ။ နာဂစ်ပြီးကတည်းက သိန်း ၈ဝ လောက် စပြီး လာပေးကြတယ်။ အခုရက်ပိုင်း ရန်ကုန်က တယောက်က သိန်း ၁၂ဝ လာပေးတယ်။ နေရာကောင်းတွေကို ဒေသခံတွေအပြင် တခြား နယ်က လာဝယ်တဲ့သူတွေ တော်တော်များ လာတယ်'' ဟု ပြောသည်။   

အထက်လူကြီးများလာလျှင် အမြင်သင့်စေရန် မြောင်းမြဘက်မှလာလျင် လပွတ္တာမြို့အဝင် ကားလမ်းဘေးရှိ အိမ်အားလုံးကို သွပ်မိုးပျဉ်ထောင်အဖြစ် ပြောင်းလဲဆောက်လုပ်ရမည်ဟု လပွတ္တာ မယကမှ နာဂစ်အပြီး၌ အမိန့်ထုတ်ခဲ့သော်လည်း အိမ်ပိုင်ရှင်များမှာ လက်လုပ်လက်စားများသာ ဖြစ်သဖြင့် ဆောက်လုပ်နိုင်ခဲ့ခြင်း မရှိချေ။   

''ဘယ်ဆောက်နိုင်မှာလဲ။ ကျနော်တို့ဘက်မှာ အစကတည်းက ဘောက်သမား (နေ့စား၊ လက်လုပ်လက်စား) တွေ နေကြတာ။ နာဂစ်ဖြစ်တော့ လပွတ္တာမြို့ပေါ်က လက်လုပ်လက်စားနဲ့ အခြေအနေနိမ့်တဲ့ သူတွေကို ထောက်ပံ့တဲ့သူ သိပ်မရှိဘူးလေ။ တောကလူတွေပဲ ဒုက္ခသည် စာရင်းဝင်တာ။ အိမ်ဆောက်ပေးနိုင်ရင် ဆောက်ပေး၊ မဆောက်ပေးနိုင်ရင် ကျနော်တို့လည်း မဆောက်နိုင်ဘူး ဆိုပြီးထားတာ။ နောက်ပိုင်းပြန် ငြိမ်သွားတယ်'' ဟု လပွတ္တာမြို့အဝင် ရပ်ကွက် ရ တွင် နေထိုင်သူတဦးက ပြောသည်။

နာဂစ်ဒေသ ပြန်လည် တည်ဆောက်ရေးအတွက် နိုင်ငံတကာမှ အကူအညီများ ထပ်မံပေးရန် ကုလသမဂ္ဂ၊ မြန်မာနှင့် အာဆီယံတို့ ပါဝင်သော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (တီစီဂျီ) က တောင်းဆိုထားသော်လည်း အလှူငွေရရှိမှု နှောင့်နှေးနေဆဲ ဖြစ်ကြောင်း သိရသည်။

Most read this week