ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်ဆောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် တွံတေးမြို့နယ် ဇီးဖြူကုန်းရွာရှိ စေတီတော်ကြီး၌ အန်အယ်ဒီ ပါတီဝင် ၅ဝ ခန့်က ယနေ့ ဝတ်ပြုဆုတောင်းရာ ဦးဆောင်သူ နှစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
မြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌဖြစ်သူ အသက် ၆ဝ နှစ်နီးပါးရှိသူ ဦးချစ်ဖေနှင့် စည်းရုံးရေးအဖွဲ့ဝင် အသက် ၄ဝ နှစ်အရွယ် ဦးမောင်စိုးဝေ ဦးဆောင်သည့် ဇီးဖြူကုန်းရွာ ပါတီဝင် ရွာသားများနှင့် လူငယ်အဖွဲ့ဝင် စုစုပေါင်း ၅ဝ ခန့်သည် ယနေ့နံနက် ၈ နာရီမှ ၉ နာရီအထိ အဖတ်တရာ စေတီတော်ကြီး၌ ဝတ်ပြုဆုတောင်းအပြီး မကြာမီ ဒေသ အာဏာပိုင်များက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
“နာရီဝက်လောက်ကြာတော့ အိမ်မှာနေရင်း ရုံးကနေ လူတယောက် လာခေါ်ခိုင်းတယ်။ စစ်ဆေးမေးမြန်းစရာ ရှိတယ်လို့ ပြောတယ်။ စစ်ဆေးမေးစရာရှိရင် စာနဲ့ ခေါ်လို့ ပြောလိုက်တယ်။ ဒီအချိန် ထမင်းမစားရသေးဘူး၊ ထမင်းစားအုံးမယ်ပြောပြီး ၁၁ နာရီ ၁၅ မိနစ်ထိ စောင့်ပြီး ခေါ်သွားတယ်။ တွံတေးကို ခေါ်သွားတယ်။ ဟိုရောက်တာနဲ့ အချုပ်ထဲ ထည့်လိုက်တယ်။ အခု ဘယ်သူ့ကိုမှ အတွေ့မခံဘူး” ဟု ကိုမောင်စိုးဝေ၏ ညီဖြစ်သူ ကိုမျိုးထွန်းက မဇ္စျိမကို ပြောသည်။
တွံတေး အန်အယ်ဒီအနေဖြင့် ယနေ့မှ စတင်ကာ ပထမဆုံး ပြုလုပ်သည့် ဆုတောင်းပွဲဖြစ်သည်။
ဖမ်းဆီးမခံရခင်က အန်အယ်ဒီ မြို့နယ် ဒုဥက္ကဋ္ဌ ဦးချစ်ဖေထံ မဇ္စျိမက ဆက်သွယ်မေးမြန်းခွင့် ရခဲ့ရာ ဆုတောင်းပွဲနှင့် ပတ်သက်၍ သူက ယခုလို ဖြေကြားခဲ့သည်။
“အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားတဲ့လူတွေ အားလုံး လွတ်မြောက်ဖို့ ဆုတောင်းပါတယ်။ ကျနော်တို့ ၈ နာရီကနေ စတာ ၉ နာရီမှာ ပြီးတယ်။ ကျေးရွာရှိ အဖွဲ့ဝင်တွေနဲ့ လူငယ်တွေ အားလုံး ၅ဝ ဦးခန့် ပါဝင်တက်ရောက်တယ်။ အင်္ဂါနေ့တိုင်း အင်္ဂါထောင့်မှာ ဒေါ်စုမွေးနေ့တိုင်း ဆက်လုပ်သွားမယ်။ ဒီနေ့ကနေ စလုပ်သွားမယ်” ဟု သူက ပြောခဲ့သည်။
ဝတ်ပြုပွဲတွင် ပါဝင်ခဲ့သူ ပါတီလူငယ် ကိုခိုင်မာက “ဦးမောင်စိုးဝေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ပါစေ၊ ကိုယ်ကျိုးစွန့် အနစ်နာခံနေသူတွေ၊ နိုင်ငံရေးနဲ့ အကျဉ်းကျနေသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆက်ပြီး တိုက်ပွဲဝင်မယ်ဆိုတာကို ဝတ်ပြုဆုတောင်း တိုင်တည်တာပေ့ါနော်” ဟု ပြောသည်။
ဆုတောင်းရာသို့ အထူး ရဲသတင်း တပ်ဖွဲ့ဝင်နှင့် သာမန်ရဲတပ်သား ၆ ဦးခန့်က လာရောက်စောင့်ကြည့်ကာ အသံဖမ်းယူခြင်း၊ ရေးသား၍ မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သည်။
“ကျပ်တည်းတဲ့ ကာလမှာ ဒီလို အနှောင့်အယှက်တွေကြားကနေ ထိုးဖောက်ပြီး လုပ်ကြတာ။ ကိုယ်တနိုင်တပိုင် လောက်နဲ့ပေါ့နော်။ လူငယ်တွေ၊ ရွာသားတွေရော ဘာမှ တုန်လှုပ်မှု မရှိဘူး။ ဘေးနားကနေ ကြည့်ပြီး အသံဖိုင် ကူးတာတို့၊ ရေးမှတ်တာတွေတို့တော့ ရှိတယ်။ ကျနော်တို့ကတော့ ပုံစံ အမျိုးမျိုးနဲ့ ဒီအာဏာရှင်ကို တိုက်မှာပဲ” ဟု ကိုခိုင်မာက ပြောသည်။
ဝတ်ပြုဆုတောင်းပွဲ အပြီးတွင် စေတနာရှင်တဦးက လှူဒါန်းသည့် ဆန်ပြုတ်ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။