ဖိုးလပြည့် သင်္ကြန်မဏ္ဍပ်များ ရောင်းချနေ

ဖိုးလပြည့် သင်္ကြန်မဏ္ဍပ်များ ရောင်းချနေ
by -
မြင့်မောင်
မြန်မာတပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် ပါမစ်များ ယူကာ ပြန်ရောင်းစားနေ ...

နယူးဒေလီ(မဇ္စျိမ)။      ။ မြန်မာတပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် ပါမစ်များ ယူကာ ပြန်ရောင်းစားနေသည်။   

ပြည်လမ်းမမှ အင်းလျားကန်ဘောင်သို့ အဝင်လမ်းတလျှောက်ရှိ စီးပွားရေး တက္ကသိုလ်မျက်နှာချင်းတွင်  တည်ရှိသော သင်္ကြန်မဏ္ဍပ်နှစ်ခု၌ သူကိုယ်တိုင် ရေကစားမည်ဖြစ်ပြီး၊ ထိုလမ်းရှိ အခြားမဏ္ဍပ် ၈ ခုကို တခုလျှင် ကျပ်ငွေ ၃၈ သိန်းဖြင့် ပြန်ရောင်းနေခြင်းဖြစ်သည်။    

“ဖိုးလပြည့်က သူ့နာမည်နဲ့ မဏ္ဍပ် ၁ဝ ခု ယူထားတယ်။ ၂ ခုကို သူတို့ ကစားမယ်။ ကျန်တဲ့ ၈ ခုကို တမဏ္ဍပ်ကို ၃၈ သိန်းနဲ့ ရောင်းတယ်အကို” ဟု ထိုလမ်းတလျှောက်တွင် ရေပက်ကစားမည့် လူငယ်များနှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။    

သူက ဆက်ပြီး “သင်္ကြန်မဏ္ဍပ် ဆောက်တဲ့ ပါမစ်တွေက ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ် အသိုင်းအဝိုင်းက ရတာများတယ်။  ဗိုလ်ချုပ်တင်အောင်မြင့်ဦး သားဆိုရင် ဖိုးလပြည့်ကြောင့် ကောင်းတဲ့နေရာတွေ မရဘူးလို့ လူငယ်အသိုင်းအဝိုင်းက ပြောနေတယ်” ဟု ပြောသည်။    

ရရှိလာသည့် ပါမစ်များကို သူတို့က နေရာဒေသအလိုက် စျေးနှုန်း ကွဲပြားကာ ရောင်းချလေ့ရှိသည်။    

ရေကစားလိုသူများက မဏ္ဍပ်ပါမစ်ကို ဝယ်ယူပြီးနောက်၊ တာဝန်ခံများက ရပ်ကွက်အတွင်းရှိ ရေကစားမည့် သူများကို ရှာဖွေကာ အချိုးကျ ငွေခွဲ၍ မဏ္ဍပ်များ ဆောက်လုပ်ခြင်းဖြစ်သည်။

အင်းလျားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းတွင် တည်ရှိမည့် သင်္ကြန် မဏ္ဍပ်များကိုမူ အကြီးစား ဆောက်လုပ်ခွင့် မပေးဘဲ၊ အလတ်စားနှင့် အငယ်စားများသာ ဆောက်လုပ်ရမည်ဟု ပြီးခဲ့သည့်လ ၂၅ ရက်နေ့တွင် ပြည်တွင်းထုတ် ဂျာနယ်သတင်းထောက်များနှင့် တွေ့ဆုံစဉ်က ရန်ကုန်မြို့တော် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောဆိုခဲ့ကြောင်း ယခုတပတ် နောက်ဆုံးထုတ် The VOICE တွင် ဖော်ပြထားသည်။

သို့သော် မည်သည့်အတွက်ကြောင့် ယခုလို တားမြစ်ရသည်ကိုမူ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပါ။

လမ်းမအတိုင်း ပေ အရှည် ၅ဝ နှင့်အထက်ကို အကြီးစား၊ ၂၅ ပေ နှင့် ပေ ၅ဝ အကြားကို အလတ်စား၊ ၂၅ ပေ အောက်ကို အငယ်စား မဏ္ဍပ်များအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ယခု လမ်းနှစ်လမ်းတွင် မဏ္ဍပ်များ ပလက်ဖောင်း အသုံးပြုစျေးနှုန်းမှာမူ ကျပ် ၅ သောင်း၊ အခြားနေရာများတွင် မဏ္ဍပ်အကြီးစားဆိုလျှင် ကျပ် ၃ သောင်း၊ အလတ်စားမှာ ကျပ် ၂ သောင်းနှင့် အငယ်စားမှာမူ ကျပ် တသောင်း စပေါ်တင်ရကြောင်းနှင့် ပလက်ဖောင်း ပျက်စီးမှု ရှိပါက ကျသင့်ငွေအတိုင်း ပေးလျော်ရမည်ဟုဆိုကာ ကတိစာချုပ် ချုပ်ဆိုကြရသည်။   

ပြီးခဲ့သည့်နှစ် သင်္ကြန်တွင် အင်းလျားလမ်း၌ မဏ္ဍပ် စင် ၅ဝ ၊ တက္ကသိုလ် ရိပ်သာလမ်း၌ ၂၄ စင်နှင့် အခြားနေရာတွင် မဏ္ဍပ်အမျိုးအစားစုံ စုစုပေါင်း ၂၂၈ စင် ရှိခဲ့ကြောင်း မြို့တော် စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) စာရင်းက ဆိုသည်။    

အသက် ၂ဝ နှစ်ခန့်ရှိ ဖိုးလပြည့်မှာ လှိုင်သာယာမြို့နယ် နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေသည်။

ပြီးခဲ့သည့်နှစ်က စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်၏ သင်္ကြန်မဏ္ဍပ်က ဖြန့်ဖြူးခဲ့သော ရာဘဆေးပြားကို ဖိုးလပြည့် သုံးစွဲခဲ့သည်ကို မိသားစုက သိပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဒေါသထွက်ကာ၊ ရန်ကုန်လူကုံထံ အသိုင်းအဝိုင်း လူငယ်အချို့အကြား ရေပန်းစားသော စိတ်ကြွဆေးပြား ဖြန့်ဖြူးသည့် ဂိုဏ်းကို ဖမ်းဆီးမှုများ လုပ်ခဲ့သည်။    

ထိုအထဲတွင် မောင်ဝိတ်လည်း ပါဝင်ခဲ့သဖြင့် ထောင်ချခံရကာ၊ ယခုအခါ ဧရာဝတီတိုင်း ပုသိမ်မြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။