ဗန်းမော်တွင် ဗိုလ်ချုပ်လွန်းမောင် စည်းရုံးရေးဆင်း

ဗန်းမော်တွင် ဗိုလ်ချုပ်လွန်းမောင် စည်းရုံးရေးဆင်း
by -
မျိုးကြီး
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရေးအတွက် မြန်မာစစ်အစိုးရ ဝန်ကြီးအချို့နှင့် တပ်မတော် အရာရှိများသည် နေရပ်ဇာတိသို့ ပြန်ကာ စည်းရုံးရေး ဆင်းကြသည့်အနက် ယခုလ ၅ ရက်နေ့ကလည်း တပ်မတော် စာရင်းစစ်ချုပ်သည် ကချင်ပြည်နယ် ဗန်းမော်သို့ လာရောက် စည်းရုံး ...

ရွှေလီ (မဇ္စျိမ) ။     ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရေးအတွက် မြန်မာစစ်အစိုးရ ဝန်ကြီးအချို့နှင့် တပ်မတော် အရာရှိများသည် နေရပ်ဇာတိသို့ ပြန်ကာ စည်းရုံးရေး ဆင်းကြသည့်အနက် ယခုလ ၅ ရက်နေ့ကလည်း တပ်မတော် စာရင်းစစ်ချုပ်သည် ကချင်ပြည်နယ် ဗန်းမော်သို့ လာရောက် စည်းရုံးခဲ့သည်။   

ဗန်းမော်မြို့ နောင်ခိုရွာ ဇာတိဖြစ်သူ  တပ်မတော် စာရင်းစစ်ချုပ် ဗိုလ်ချုပ် လွန်းမောင်သည် မြိုဆင်ခြေဖုန်းရှိ ဖိုးဒေဝ ကျေးရွာသို့ နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိလာပြီး ရွာဘုန်းကြီးကျောင်းတွင် ရွာသားများနှင့် တွေ့ဆုံကာ ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေး၍ စည်းရုံးခဲ့ကြောင်း သိရခြင်းဖြစ်သည်။   

”ဗိုလ်ချုပ်လွန်းမောင်၊ ဇနီး ဒေါ်မြမြစိန် ဆိုပြီးမှလေ ပုဆိုးတွေ၊ လုံချည်တွေ၊ အင်္ကျီအစတွေပေါ့လေ။ နောက် ငွေသားအချို့ပေါ့။ ၂ဝဝ တန်၊ ၅ဝဝ ၊ ၁ဝဝဝ တန်၊ အဲလို ကြဲပေးတယ်” ဟု ဒေသခံတဦးက မဇ္စျိမကို ပြောသည်။   

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း လက်ထက်တွင် တိုင်းပြည် မတိုးတက်ခဲ့သလို၊ သခင်နု လက်ထက်တွင်လည်း သူပုန်များ သောင်းကျန်းခဲ့ကြောင်းနှင့် စစ်တပ်အုပ်ချုပ်မှ တိုးတက် ငြိမ်းချမ်းသဖြင့် ထောက်ခံသည့် အနေဖြင့် ရွေးကောက်ပွဲတွင် မဲထည့်ကြပါရန် စည်းရုံးခဲ့သည်ဟု သူက ဆက်ပြောသည်။   

ထို့အပြင် မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်လူကြီးများနှင့် ရွေးချယ်ဖိတ်ခေါ် ခံရသူများကို အမှတ် ၃ အထက်တန်းကျောင်းရှိ မြဝတီခန်းမတွင် တွေ့ဆုံကာ မဲထည့်ကြရန် ပြောကြားပြီးနောက်၊ လမ်းပြင်ရန်နှင့် စာကြည့်တိုက်များ ဖွင့်လှစ်ရန် အလှူငွေ ကျပ်သိန်း ၄ဝ လှူဒါန်းခဲ့သည်။   

မကြာသေးခင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - အန်အယ်ဒီ (ကချင်ပြည်နယ်) က စည်းရုံးရေးအရှိန် မြှင့်တင်ရန် ဗန်းမော်မြို့တွင် အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး၊ ရက်ပိုင်းအကြာ၌ တပ်မတော် စာရင်းစစ်ချုပ်သည် ဗန်းမော်သို့ လာရောက်ကာ စည်းရုံးရေး ဆင်းခြင်းလည်း ဖြစ်သည်။