နေရပ်ပြန်ခွင့်ရရေး မလေးရှားရောက် မြန်မာများ ဆန္ဒပြ

နေရပ်ပြန်ခွင့်ရရေး မလေးရှားရောက် မြန်မာများ ဆန္ဒပြ
by -
မြင့်မောင်
မလေးရှား လူဝင်မှုကြီးကြပ်ရေးက စမှုံညင်း ထိန်းသိမ်းရေးစခန်း၌ ဖမ်းထားသည့် မြန်မာလုပ်သား ၁၈ဝ ကျော်သည် နေရပ်နိုင်ငံ ပြန်ပို့ရေးအတွက် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ ဆန္ဒပြနေ ...

နယူးဒေလီ (မဇ္စျိမ)။     ။ မလေးရှား လူဝင်မှုကြီးကြပ်ရေးက စမှုံညင်း ထိန်းသိမ်းရေးစခန်း၌ ဖမ်းထားသည့် မြန်မာလုပ်သား ၁၈ဝ ကျော်သည် နေရပ်နိုင်ငံ ပြန်ပို့ရေးအတွက် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ ဆန္ဒပြနေသည်။   

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအထိ အဖမ်းခံထားရသူများကို ထိုင်းနယ်စပ်မှတဆင့် ပြန်လည်လွှတ်ပေးခြင်းမပြုဘဲ လဝက စခန်းတွင် ဖမ်းထားသည်ကို မကျေနပ်သဖြင့် ဆန္ဒပြခြင်းဖြစ်သည်။

''ထိုင်းနယ်စပ်ကို စွန့်ပစ်ပေးဖို့ ပြောတယ်။ ထွက်ရဖို့ ဘာမှ မျှော်လင့်လို့ မရဘူးလေ။ အဲဒါကြောင့်မို့ ဆန္ဒပြတာပါ'' ဟု စခန်းတွင်းရှိ မြန်မာလုပ်သား ကိုညီညီက မဇ္စျိမကို ပြောသည်။   

စခန်းထဲတွင် ဘားတိုက် အဆောက်အဦ ၅ ခု ရှိရာ ယခုအခါ အဆောင်နှစ်ခုရှိ မြန်မာများ ဆန္ဒပြနေခြင်းဖြစ်သည်။

အဆိုပါ စခန်းအတွင်း ထိန်းသိမ်းခံခဲ့ရဖူးသူ မြန်မာလုပ်သားတဦးက “Camp (စခန်း) ထဲမှာ နေရတဲ့ ဘဝကလည်း မစားသာဘူး။ နေ့လယ်ဆို အရမ်းပူတယ်။ ညဆိုလည်း အရမ်း အေးတယ်။ အဆောင်တွေက သံဇကာတွေနဲ့ အဆောင်ဆိုတော့ သိတဲ့အတိုင်းပဲ။ အစားအသောက်ဆိုလည်း ငါးခြောက်နဲ့ပဲ စားရတယ်။ UNHCR ရဲ့ အကူအညီ မရဘူး။ ခေါင်းချစရာ နေရာတောင် ကောင်းကောင်းမရှိဘူး။ ကျပ်သိပ်နေတာ” ဟု မဇ္စျိမကို ပြောသည်။

တဆောင်လျှင် အလျား ပေ ၈ဝ ၊ အနံ ပေ ၂ဝဝ နီးပါး အကျယ်အဝန်းရှိပြီး၊ တဆောင်စီတွင် လူဦးရေ ၃ဝဝ မှ ၅ဝဝ အကြား ထားရှိသည်။ အမျိုးသားများအတွက် အဆောင် ၄ ဆောင်နှင့် အမျိုးသမီးများအတွက် တဆောင် သတ်မှတ်ထားသည်။   

အဖမ်းခံရသူများမှာ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့် မြန်မာများ ဖြစ်ပြီး၊ အများစုမှာ အင်ဒိုနီးရှား နိုင်ငံသားများဖြစ်သည်။ အားလုံးကို ရောထားကာ၊ စခန်းတခုလုံး၌ မြန်မာလုပ်သားက ၄ဝဝ ကျော် ရှိနေသည်။ အဖမ်းခံရသူများထဲတွင် ယူအန် ဒုက္ခကဒ်ရှိသူများ၊ အလုပ်သမားကဒ် ကိုင်ဆောင်ထားသူများ၊ တရားမဝင် အလုပ်လုပ်ကိုင်နေသူများ ရောနှောပါဝင်နေသည်။    

အခြားနိုင်ငံသားအချို့ကို သံရုံးများက လာခေါ်ထုတ်သလို၊ နိုင်ငံချင်း ထိစပ်သော အင်ဒိုနီးရှား နယ်စပ်သို့ သူ့နိုင်ငံသားများ ပို့ရာတွင်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အသာတကြည် လက်ခံလေ့ရှိသည်။

မြန်မာများအဖို့မူ ပတ်စ်ပို့ မရှိသလို၊ လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်ဖြစ်နေကာ၊ ကွာလာလန်ပူရှိ မြန်မာသံရုံးကလည်း လက်ခံဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

မြန်မာလုပ်သားက ''မြန်မာတွေက ဒုက္ခရောက်ရောက်၊ သေတာပဲဖြစ်ဖြစ်၊ ရိုက်လို့ကျိုးလို့ဖြစ်ဖြစ် သံရုံးက တာဝန်မယူဘူး။ အဲဒီတော့ ထိုင်းနယ်စပ်ကတဆင့် လွှတ်ရတာ။ ဒါပေမဲ့ ဒီအတိုင်း လွှတ်လိုက်လို့ရှိရင် ထိုင်းနယ်စပ်မြို့တွေမှာ ဗရုသုက္ခတွေ ဖြစ်တယ်။ ဆိုတော့ ပွဲစားလက်ထဲ လက်သိပ်ထိုး အပ်လိုက်တော့ ဒီလူတွေက ပြန့်မသွားဘူး။ မသိသာဘူး။ ဒီနိုင်ငံအစိုးရကိုလည်း သွားပြီး၊ အပြစ်တင်လို့ မရဘူး။ တကယ်က ကျနော်တို့အစိုးရရဲ့ တာဝန်ပျက်ကွက် လစ်ဟာမှုတွေ၊ လူမဆန်တဲ့ စိတ်ဓာတ်တွေကြောင့် အဲလိုဖြစ်နေတာ'' ဟု ဆိုသည်။

ကိုညီညီက ''ဒီကနေ့ လဝက ပြောတာက ထိုင်းကိုလည်း ပို့မပေးနိုင်ဘူးတဲ့။ မင်းတို့ သံရုံးကိုလည်း အကြောင်းကြားတယ်တဲ့။ မင်းတို့ သံရုံးက လုံးဝကို လှည့်မကြည့်ဘူး၊ တခေါက်မှ မလာဘူးလို့ ပြောတယ်။ အဓိက အားကိုးစရာ ယူအန် (UNHCR) ပဲ ရှိတယ်။ ဘယ်လို အတိုင်းအတာအထိ ကူညီမလဲတော့ မသိဘူးပေါ့ကွာ။ ထုတ်ချင်သူရှိရင်တော့ သူတို့က အမြန်ထုတ်ပေးတာပဲလေ။ တချို့ကျတော့လည်း နှစ်ချီပြီး ကြာတဲ့သူလည်း ရှိတယ်'' ဟု ဆိုသည်။   

ယမန်နေ့က ဆန္ဒပြနေစဉ် UNHCR က အထိန်းသိမ်းခံများနှင့် တွေ့ဆုံခွင့် ရရှိရေး တောင်းဆိုသော်လည်း စခန်းအာဏာပိုင်များက ခွင့်မပြုခဲ့ပါ။

ထိုင်းနယ်စပ်သို့ အမြန်ဆုံး စွန့်ပစ်ပေးခြင်း မရှိပါက ဆက်လက်၍ ဆန္ဒပြသွားမည်ဖြစ်ကာ၊ လာမည့် တနင်္လာနေ့တွင် အဆောင် B နှင့် D ရှိ မြန်မာများလည်း ဝင်ရောက်ဆန္ဒပြသွားမည်ဟု သိရသည်။   

လွန်ခဲ့သည့် ကာလများတလျှောက် မလေးရှားရောက် နိုင်ငံခြားသား လုပ်သားများကို အစိုးရက လုပ်ပိုင်ခွင့် ပေးထားသည့် အဖွဲ့သားများက နေအိမ်များအထိပါ အဖမ်းအဆီးများ ရှိခဲ့ရာ စမှုံညင်းနှင့် အခြား လဝက ထိန်းသိမ်းရေး စခန်းများတွင် အများအပြား အဖမ်းခံထားရသည်။

၂ဝဝ၇ ခုနှစ်တွင် တရားဝင် ထုတ်ပြန်သည့် မလေးရှား လဝက သန်းခေါင်စာရင်းအရ မလေးနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် မြန်မာလုပ်သားပေါင်း ၅ သိန်းခန့်ရှိကြောင်း သိရသည်။