အရိုက်ခံရသူ ဆရာ နယ်ပြောင်းရ

အရိုက်ခံရသူ ဆရာ နယ်ပြောင်းရ
by -
ကိုဝိုင်း
အရက်မူးနေသူ လူတစု၏ အရိုက်အနှက်ကို ခံခဲ့ရသည့် ဒဂုံတက္ကသိုလ် နည်းပြဆရာကို ကျောင်းအုပ်ချုပ်ရေးဌာနက နယ်ဒေသသို့ ပြောင်းရွှေ့လိုက်သည်။ ယခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ၄ ဦးသည် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိ ...

ချင်းမိုင် (မဇ္စျိမ)။     ။ အရက်မူးနေသူ လူတစု၏ အရိုက်အနှက်ကို ခံခဲ့ရသည့် ဒဂုံတက္ကသိုလ် နည်းပြဆရာကို ကျောင်းအုပ်ချုပ်ရေးဌာနက နယ်ဒေသသို့ ပြောင်းရွှေ့လိုက်သည်။

ယခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ၄ ဦးသည် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိ တို့ရိုးရာ လက်ဖက်ရည်ဆိုင်မှအထွက် အရက်မူးနေသူ လူတစုက ရန်စကာ ဝိုင်းရိုက်ရာတွင် ရှိနေခဲ့သည့် ဘူမိဗေဒဌာနမှ ဆရာဦးအောင်မင်းဦး နယ်ပြောင်းခံရခြင်း ဖြစ်သည်။   

“ဘူမိဗေဒဆရာ ဦးအောင်မင်းဦး ဘားအံ တက္ကသိုလ်ကို ပြောင်းခံရတယ်ဆိုတာ သိတယ်။ အဲဒါတော့ သေချာတယ်။ ဖြစ်ပြီးတော့ သိပ်မကြာဘူး တပတ်အတွင်းလောက်ပဲဗျ။ ချက်ချင်း ပြောင်းခိုင်းတာ” ဟု ဘူမိဗေဒ ဘွဲ့လွန်ကျောင်းသားက မဇ္စျိမကို ပြောသည်။

အရိုက်ခံရသည့် ကိုဝေဖြိုးကျော်၊ ကိုပြည့်ဖြိုးနိုင်၊ ကိုအောင်ဖုန်း၊ ကိုနေလင်းထက်တို့ထဲမှ ထွက်ပြေး လွတ်မြောက်ခဲ့သူ ကိုဝေဖြိုးကျော်က စော်ဘွားကြီးကုန်း ရပ်ကွက်ကောင်စီ ရယက ရုံးသို့ သွားတိုင်ခဲ့ရာ တာဝန်ရှိသူများက တစုံတရာ အရေးတယူ မလုပ်သည့်အပြင်၊ သူ့ကိုပင် ပါးရိုက်ခဲ့သေးကြောင်း ထိုင်းအခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ (နိုင်ငံခြားရေးရာ ကော်မတီ) က ယခုလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရိုက်နှက်ခံရသူ ကျောင်းသား ၄ ဦးအနက် ၂ ဦးမှာ အင်းစိန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် တက်ရောက်ကုသခဲ့ရသည်။

ထို့အပြင် တက္ကသိုလ် အာဏာပိုင်အဖွဲ့က ရိုက်နှက်ခံရသူများကိုသာ ခေါ်ယူ၍ နောင်တွင် ရန်မဖြစ်တော့ကြောင်း ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့သည်။ အင်းစိန် ရဲစခန်းတွင်လည်း အမှုဖွင့်တိုင်ကြား၍ မရခဲ့ပါ။

ထို့နောက် ဒဂုံတက္ကသိုလ် ဒုပါမောက္ခချုပ် ဦးမျိုးသိန်းကြီး၊ စီမံဌာနမှူး ဦးခင်မောင်သန်းနှင့် မော်ကွန်းထိန်း ဦးဘဖေတို့က အဆိုပါ ကျောင်းသား ၄ ဦးကို တနှစ်စီ ကျောင်းထုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) က ယမန်နေ့က ကြေညာချက် ထုတ်ပြန်သည်။

GW ပြောခွင့်ရသူ ကိုမိုဃ်းသွေးက “ပြီးခဲ့တဲ့ တပတ်လောက်တုန်းက သူတို့ကို တပတ်နားလိုက်တယ်ဆိုပြီး ကြားတယ်။ ဒါပေမဲ့ အခု ကွန်ဖန်းဖြစ်တာက ကျောင်း ၁ နှစ်စီ နားလိုက်တယ်။ ဘူမိဗေဒ စာသင်ဆောင်မှာ နို့တစ်ထွက်လာတယ်။ ဆရာကိုတော့ ဘားအံတက္ကသိုလ်ကို ပြောင်းလိုက်တယ်” ဟု မဇ္စျိမကို ပြောသည်။

ကျောင်းသားများနှင့် ဆရာကို ကျောင်းအာဏာပိုင်များက ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် အပြစ်ရှိသူများအဖြစ် စွပ်စွဲ၍ ဘူမိဗေဒ စာသင်ဆောင်ရှေ့ရှိ ကြော်ငြာဘုတ်တွင် စာရွက်ကပ်ခဲ့ကြောင်းလည်း GW ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ ဝန်ထမ်းတဦးကမူ နည်းပြဆရာ ဦးအောင်မင်းဦးကို ဘားအံတက္ကသိုလ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း အတည်ပြုသော်လည်း ကျောင်းသားများနှင့်ပတ်သက်၍မူ ဖြစ်နိုင်ချေများသည်ဟုသာ ပြောဆိုခဲ့သည်။

ဒဂုံတက္ကသိုလ် ကျောင်းသားရေးရာဌာနသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။