ချင်းမိုင် (မဇ္ဈိမ) ။ ။ နာမည်ကျော် အသည်းရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းသည် ကိုယ်ပိုင်စင်းလုံးငှား လေယာဉ်လိုင်းတခု တည်ထောင်ရန် ကြိုးစားလျှက် ရှိသည်။
ယူကရိန်းနိုင်ငံမှ လေယာဉ်မှာယူရန် စီစဉ်နေပြီး လုပ်ငန်းစဉ်ဖြစ်သော မြန်မာ့လေကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
“ဝယ်ဖို့ထက် ငှားဖို့ ပိုဖြစ်နိုင်တယ်ခင်ဗျ။ ကိုယ်ပိုင်သုံးဖို့ထက် ပြည်တွင်း ခရီးစဉ်တွေ ပျံသန်းဖို့ပါ။ ယူကရိန်းက ဖြစ်မယ် ခင်ဗျ။ သေချာလားဆိုတော့ အခုဟာက Finalize ပေါ့။ မြန်မာ့လေကြောင်းတို့ ဟိုတယ်/ ခရီး တို့နဲ့ ဆွေးနွေး နေပါတယ်။ နောက် တလလောက်ဆိုရင်တော့ သေချာပါပြီ “ ဟု ဒေါက်တာခင်မောင်ဝင်းက မဇ္ဈိမသို့ ပြောသည်။
အသေးစိတ် ပြောကြားရန် သူက ငြင်းဆန်လိုက်သော်လည်း ပြည်တွင်းထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားချက်အရ လေယာဉ်သည် ခရီးသည် ၁၈ ဦး လိုက်ပါစီးနင်းနိုင်ပြီး အပျော်စီး ပြည်တွင်းခရီးစဉ်များ၊ ကျန်းမာရေးအတွက် အရေးပေါ် လိုအပ်နေသူများနှင့် နိုင်ငံခြား အဖွဲ့အစည်းများကိုလည်း ငှားရမ်းရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိက လေကြောင်းလိုင်းကို စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သူ ဦးတေဇ က စတင်ခဲ့သည်။
စင်းလုံးငှားလေယာဉ်သေး ပြေးဆွဲမှုတွင်တော့ ဒေါက်တာခင်မောင်ဝင်းမှာ ပထမဆုံး လုပ်ငန်းရှင် ဖြစ်လာမည် ဖြစ်သည်။
လမ်း ၃ဝ အထူးကုဆေးခန်းပိုင်ရှင် ဒေါက်တာခင်မောင်ဝင်းသည် ၂ဝဝ၇ ခုနှစ် အထိ အစိုးရ ကျန်းမာရေး ဝန်ကြီး ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
သူသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်လာမည့် အလိုအလျောက် သွေးစစ်ဆေးတိုင်းတာနိုင်သည့် အမေရိကန်ဒေါ်လာ ၂ သန်းတန် ဓာတ်ခွဲခန်း စက်တခုကို မတ်လအတွင်းက ဂျာမဏီနိုင်ငံမှ တင်သွင်းဝယ်ယူခဲ့သည်။