စင်္ကာပူမှာ လက်ဖက်ရောင်းချခွင့် ပိတ်ပင်မှုများ ရှိနေ

စင်္ကာပူမှာ လက်ဖက်ရောင်းချခွင့် ပိတ်ပင်မှုများ ရှိနေ
by -
မြင့်မောင်
မြန်မာနိုင်ငံထုတ် လက်ဖက်အမျိုး ၂ဝ တွင် အဝါရောင်ဆိုးဆေး Auramine O သုံးစွဲထားကြောင်း AVA ခေါ် စင်္ကာပူ လယ်ယာသီးနှံနှင့် တိရစ္ဆာန်ဌာနမှ စစ်ဆေးတွေ့ရှိသဖြင့် မတ်လ ၃ဝ ရက်နေ့က စတင်၍ ပိတ်ပင်လိုက် ...

နယူးဒေလီ (မဇ္စျိမ) ။     ။ မြန်မာနိုင်ငံထုတ် လက်ဖက်အမျိုး ၂ဝ တွင် အဝါရောင်ဆိုးဆေး Auramine O သုံးစွဲထားကြောင်း AVA ခေါ် စင်္ကာပူ လယ်ယာသီးနှံနှင့် တိရစ္ဆာန်ဌာနမှ စစ်ဆေးတွေ့ရှိသဖြင့် မတ်လ ၃ဝ ရက်နေ့က စတင်၍ ပိတ်ပင်လိုက်သည်။    

စင်္ကာပူနိုင်ငံ ပင်နီဇိုလာ ပလာဇာတွင် ဖွင့်လှစ်ထားသည့် မြန်မာပစ္စည်း အရောင်းဆိုင် ၁ဝဝ နီးပါးထံမှ လက်ဖက်နှင့် ပတ်သက်သော အစားအသောက်များကို AVA ဋ္ဌာနက စစ်ဆေးခြင်း၊ သိမ်းဆည်းခြင်းနှင့် ရောင်းချခွင့် ပိတ်ပင်တားဆီးနေခြင်း ဖြစ်သည်။   

“မြန်မာပြည်က (ပိတ်ပင်ကြောင်း) သတင်းရတဲ့အချိန်မှာ တချို့ဆိုင်တွေမှာ လက်ကျန်ရှိတယ်။ တချို့ဆိုင်တွေမှာ လက်ကျန် မရှိဘူး။ ကျမတို့ ဆိုင်တွေမှာလည်း လက်ကျန် မရှိဘူး။ လက်ကျန်ရှိတဲ့ ဆိုင်တွေက နမူနာတွေကို ယူပြီးတော့ ကျန်းမာရေးဌာနကို ပို့တယ်။ ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးတယ်။ ဒါတွေကို သုံးလို့ မရဘူးလို့ အဖြထွက်လာတဲ့ အခါမှာ အကုန်လုံးကို လိုက်သိမ်းယူခဲ့တယ်” ဟု ကုန်စုံဆိုင်ပိုင်ရှင် မကေသီက မဇ္စျိမကို ပြောသည်။    

သူ့ဆိုင်တွင် တင်သည့် လက်ဖက်ခြောက် ၉ မျိုးကိုမူ ကိုယ်တိုင် လွှင့်ပစ်ခွင့် မပြုဘဲ AVA က သိမ်းယူကြောင်းနှင့် ဤလက်ဖက်ခြောက်များ စားသုံးမိပါက လူကို အန္တရာယ်ဖြစ်စေသည် ပြောဆိုသွားကြောင်း သူက ဆိုသည်။

လက်ဖက်နှင့် အခြားပစ္စည်းများ ရောင်းနေသည့် ဆိုင်ရှင်တဦးက “ကျမတို့ တဦးချင်းကို အထောက်အထားတွေ ယူတယ်။ လက်မှတ်တွေ ထိုးခိုင်းတယ်။ သူတို့ သိမ်းသွားတဲ့ ပစ္စည်းတွေကို အထောက်အထားတွေနဲ့ နံပါတ်တွေ အကုန်လုံး ယူသွားတယ်။ စစ်ဆေးပြီးရင် အကြောင်းကြားမယ် ပြောတယ်။ တခါတည်း သိမ်းသွားတာ မဟုတ်ဘူး” ဟု ပြောသည်။   

ကုမ္ပဏီတခုမှ လက်ဖက်တမျိုးကို စစ်ဆေးကြည့်ခြင်းဖြင့် အဝါရောင်ဆိုးဆေး ပါရှိပါက အဆိုပါ ကုမ္ပဏီထုတ် မည်သည့် လက်ဖက် အမျိုးအစားမဆို ရောင်းချခွင့် ပိတ်ပင်သည်။

ရိုးရိုးလက်ဖက်၊ လက်ဖက်အညွန့်နှပ်၊ ချဉ်စပ်၊ ဓညင်းသီးလက်ဖက်၊ ရှူးရှဲလက်ဖက်များ ရှိသည့်အနက် အချို့ကုမ္ပဏီထုတ်များထဲတွင် ဆိုးဆေးတွေ့ရှိထားကြောင်း သိရသည်။    

အစစ်အဆေး မခံရသေးသဖြင့် ရောင်းချနေဆဲ ဆိုင်များမှ ဝယ်ယူစားသုံးသဖြင့် အစာအဆိပ်သင့်မှု ဖြစ်ပါက တရားစွဲခံရမည်ဟု AVA က ဆိုထားပြီး၊ ရောင်းချခွင့်ပြုသည့် ပစ္စည်းများကို အကြောင်းကြားကာ၊ ရောင်းချခွင့် မရသော ပစ္စည်းများကိုမူ လာရောက်သိမ်းယူသည်။    

ယခုအထိ AVA က ရောင်းခွင့်မပေးသည့် ပစ္စည်းစာရင်းတွင် အရီးတောင်းအမည်ဖြင့် ၄ မျိုး၊ လုံမေ ၅ မျိုး၊ ယုဇန ၈ မျိုး၊ ဦးကာက-ဒေါ်စိန် ဇယန်းချဉ်၊ စိုးဝင်း အချိုခြောက်၊ ပင်ပျိုရွက်နု ဖြစ်ကြောင်း ဓာတ်ပုံတကွ http://www.ava.gov.sg  ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ ရောင်းချခွင့် မပြုသည့် စာရင်းတွင် ပါဝင်ခြင်း မရှိသည့် ယုဇနလက်ဖက်ကိုလည်း စင်္ကာပူတွင်မူ အဝါရောင် ဆိုးဆေးပါသဖြင့် ပိတ်ပင်ထားကြောင်း သိရသည်။

လက်ဖက်ရောင်းချခွင့် တားမြစ်သတင်း ပေါ်ထွက်လာသော်လည်း မြန်မာအချို့ကမူ လက်ဖက် စားသောက်ရန် ဆိုင်များသို့ လာမေးနေဆဲဖြစ်ကြောင်း ဆိုင်ရှင်များက ဆိုကြသည်။    

ယခင်နှစ်များကတည်းက မြန်မာ့ထုတ်ကုန် အစားအသောက်အချို့ကို စင်္ကာပူက ပိတ်ပင်ထားခဲ့သေးသည်။   

မြန်မာနိုင်ငံထုတ် ရှမ်းခေါက်ဆွဲခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဆေးဘဲဥများ ရောင်းချသည်ကို တွေ့ရှိပါက လွှင့်ပစ်သည်။ ဒုတိယအကြိမ် တွေ့ပါက AVA သို့ ဒဏ်ငွေ ပေးရကာ၊ တတိယအကြိမ်တွင်မူ တရားရင်ဆိုင်ရမည်ဟု မကေသီက ပြောပြသည်။   

မြန်မာပြည်တွင် မစားသုံးသင့်သည့် လက်ဖက်အမျိုးအစားပေါင်း ၁ဝဝ ထုတ်ပြန်ထားပြီးနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက တားမြစ်ဆိုးဆေး ပါဝင်သော လက်ဖက်တန်ချိန် ၈ဝဝ ကျော်ကို မတ်လ နောက်ဆုံးအပတ်ထိ မြေဖို့ဖျက်ဆီးခဲ့ကြောင်း ပြောဆိုချက်ကို နောက်ဆုံးထုတ် Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြထားသည်။