ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာပြည်မြောက်ပိုင်း ကျောက်စိမ်းဒေသ ဖားကန့်သို့ ကမ္ဘာလှည့် ခရီးသွားများ သွားရောက်ခွင့်ကို အာဏာပိုင်များက ပိတ်လိုက်ပြန်သည်။
ဤသည်မှာ ပြီးခဲ့သည့်လအတွင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက နိုင်ငံခြားသားများကို ဖားကန့်သို့ လည်ပတ်ရေး စိစစ်ခွင့်ပြုမည်ဟု ခရီးသွားလုပ်ငန်း ကုမ္ပဏီများထံ ပြောခဲ့ပြီးနောက် ယခုတဖန် ပြန်ပိတ်လိုက်ခြင်း ဖြစ်သည်။
“ဟိုတလောကတော့ ပေးသွားမလို့ပဲ။ အခု ပြန် check (စစ်ဆေး) လုပ်ပြီးတော့ ပေးမသွားသေးဘူး” ဟု နေပြည်တော် ဟိုတယ်/ခရီး ဝန်ကြီးဌာနက ဖြေဆိုကြောင်း ခရီးသွားရန် စုံစမ်းခဲ့သူတဦးက မဇ္စျိမကို ပြောသည်။
နိုင်ငံကျော် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ ထွက်ရှိသည့် ကချင်ပြည်နယ် ဖားကန့်နှင့် မန္တလေးတိုင်း မိုးကုတ်သို့ နိုင်ငံခြားသားများ လည်ပတ်ခွင့် ပိတ်သော်လည်း၊ မြန်မာ့မြောက်ဖျားပိုင်း ပူတာအိုကဲ့သို့ ဒေသများကိုမူ သွားရောက်ရေးအတွက် ခွင့်ပြုချက် လျှောက်ထားနိုင်သည်။
ဟိုတယ်/ခရီး ဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်း မူဝါဒ တည်ငြိမ်မှု မရှိပုံကို ရန်ကုန်ရှိ ခရီးသွားလုပ်ငန်းတခုမှ တာဝန်ရှိသူတဦးက ယခုလို ပြောသည်။
သူက “permission (ခွင့်ပြုချက်) တောင်းလည်း မရဘူးတဲ့။ သူတို့က အခုတမျိုး၊ တော်ကြာတမျိုး” ဟု ဆိုသည်။
ခွင့်ပြုချက်ယူကာ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ပူတာအိုသို့ သွားနိုင်သော်လည်း လေကြောင်းခရီးဖြင့်သာ သွားခွင့်ရှိသည်။
ထို့အပြင် ဟိုတယ်/ခရီးက ခန့်ထားသော ဧည့်လမ်းညွှန်ကိုသာ ငှားရမည်ဖြစ်သည်။