ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်ကို ဂိုးလ်ဒင်းဗျူး ကုမ္ပဏီက ယခုလမှ စတင်၍ စီမံခန့်ခွဲမှု ပြောင်းလဲ လုပ်ကိုင်လာကြောင်း အဆိုပါ ကုမ္ပဏီ အသိုင်းအဝိုင်းထံမှ သိရသည်။
လက်ရှိတွင် ရန်ကုန််မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကျိုးတူ တွဲဖက်လုပ်နေသော်လည်း ယခုနှစ်ကုန်ပိုင်းတွင် ရာနှုန်းပြည့် လွှဲပြောင်းသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်နှင့် နီးစပ်သူတဦးက ဆိုသည်။
ပြည်သူ့ဥယျာဉ် ဝင်ကြေးကိုလည်း မတ်လ ၁ ရက်နေ့မှ စတင်ကာ ယခင်က ကျပ် ၁ဝဝ မှ ၂ဝဝ ကျပ်သို့ တိုးမြှင့်ကောက်ခံကြောင်း ကိုယ်တိုင် သွားရောက်ခဲ့သူတဦးက ပြောဆိုသည်။
စီမံခန့်ခွဲရေး ပြောင်းသော်လည်း ဝန်ထမ်းနှင့် လစာ အပြောင်းအလဲများ၊ ဥယျာဉ်အတွင်းရှိ ပန်းမန် အရောင်းဆိုင်များ မပြောင်းလဲသေးကြောင်း အဆိုပါ ဥယျာဉ်အတွင်းမှ ပန်းဆိုင်တခုက ပြောသည်။
မြို့တော်စည်ပင်နှင့် မည်သို့ကဲ့သို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်သည်ကို သိရှိရန်အတွက် ဂိုးလ်ဒင်းဗျူး ကုမ္ပဏီ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်းဖြင့် ဖြေကြားရန် သူက ငြင်းဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ၎င်းစီမံခန့်ခွဲသည့် ဥတို အပန်းဖြေစခန်းကို ၂ဝဝ၈ ခုနှစ်က ပုဂ္ဂလိကသို့ စီမံခန့်ခွဲမှု ပြောင်းပေးခဲ့သည်။
ယခုနှစ်တွင်မူ ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်ကို ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်ပေးခြင်း ဖြစ်သည်။