TATA မော်တော်ကား ကုမ္ပဏီက မြန်မာပြည်တွင် ထရပ်ကားများ ထုတ်လုပ်မည်

TATA မော်တော်ကား ကုမ္ပဏီက မြန်မာပြည်တွင် ထရပ်ကားများ ထုတ်လုပ်မည်
by -
ဆလိုင်းပီပီ
အိန္ဒိယနိုင်ငံ၏ ထိပ်တန်း မော်တော်ကား ထုတ်လုပ်သည့် TATA ကားကုမ္ပဏီသည် ယမန်နေ့က အမှတ် ၂ စွမ်းအင်ဝန်ကြီး ရေတပ် ဗိုလ်ချုပ်စိုးသိန်းနှင့် တွေ့ဆုံ၍ မြန်မာပြည်တွင် ထရပ်ကား ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေး ဆွေးနွေးခဲ့သည်ဟု မြန်မာအစိုးရ သတင်းစာတွင် ဖော်ပြ ...

နယူးဒေလီ (မဇ္ဈိမ) ။     ။ အိန္ဒိယနိုင်ငံ၏ ထိပ်တန်း မော်တော်ကား ထုတ်လုပ်သည့် TATA ကားကုမ္ပဏီသည် ယမန်နေ့က အမှတ် ၂ စွမ်းအင်ဝန်ကြီး ရေတပ် ဗိုလ်ချုပ်စိုးသိန်းနှင့် တွေ့ဆုံ၍ မြန်မာပြည်တွင် ထရပ်ကား ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေး ဆွေးနွေးခဲ့သည်ဟု မြန်မာအစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

TATA ကုမ္ပဏီမှ မစ္စတာ မနတ်စ်ကူးမားမီရှရား (Manas Kumar Mishra) သည် စစ်အစိုးရ နေပြည်တော်၌ ယမန်နေ့က ဗိုလ်ချုပ်စိုးသိန်းနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၌ ထရပ်ကား ထုတ်လုပ်ရေးကိစ္စ ဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်းက ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။   

“ဝန်လေးတင်တာဘို ထရပ်ကား တပ်ဆင်ရေး စက်ရုံတရုံနှင့် ကားအစိတ်အပိုင်းများ ထုတ်လုပ်ရေးစက်ရုံတရုံ တည်ဆောက်ရေး စီမံကိန်းများကို အလျင်အမြန် အကောင်းအထည်ဖော်၍ ထုတ်လုပ်ရေး လုပ်ငန်းများကို ၂ဝဝ၉ ဒီဇင်ဘာတွင် စတင်နိုင်ရန် နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်” ဟု သတင်းစာက ဆိုသည်။   

မဇ္ဈိမက ရရှိထားသော အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းတခုအရ ဤစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ ‘အရှေ့မျှော်မူဝါဒ’ ၏ အစိတ်အပိုင်းတရပ်ဖြစ်ကြောင်း ရေးသားထားသည်။

ဤစီမံကိန်းများတွင် လမ်းများဖောက်လုပ်ခြင်း၊ လျှပ်စစ်စက်ရုံများ တည်ဆောက်ခြင်း၊ ရေနံချက်စက်ရုံများ၊ လျှပ်စစ် ဓာတ်အားလိုင်းများ သွယ်တန်းခြင်း၊ ကြေးနန်းဆက်သွယ်ရေး လုပ်ငန်းများ၊ သတင်းနည်းပညာဆိုင်ရာ လုပ်ငန်းများ စသည့် အိန္ဒိယက မြန်မာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းလုပ်ငန်းများ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ဖွံ့ဖြိုးရေးစီမံကိန်းများ ပါဝင်သည်။   

TATA မော်တော်ကား ကုမ္ပဏီက ဆောင်ရွက်မည့် ထရပ်ကားထုတ်လုပ်ရေး စက်ရုံအတွက် အိန္ဒိယက ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂ဝ ခွင့် ပြုထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ပြောသည်။   

၁၉၉၄ ခုနှစ်တွင် ‘အရှေ့မျှော်မူဝါဒ’ ကို ချမှတ်ကျင့်သုံးပြီးကတည်းက အိန္ဒိယသည် မြန်မာနှင့် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်နေပြီး အဆင့်မြင့်အရာရှိကြီးများ၊ ခေါင်းဆောင်များ ပုံမှန်အားဖြင့် အပြန်အလှန် လည်ပတ်မှုကို ထိန်းသိမ်းထားရှိခဲ့သည်။   

အိန္ဒိယ ဒု သမ္မတ အမ်ဟာမစ်အန်ဆာရီ (M Hamid Ansari) ကလည်း မြန်မာနိုင်ငံသို့ ၄ ရက်ကြာခရီး သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း စက်မှုသင်တန်းဗဟိုဌာန (Industrial Training Centre) နှင့် အင်္ဂလိပ်ဘာသာ သင်တန်းဌာန (Centre for English Language Training) မြန်မာနိုင်ငံတွင် တည်ထောင်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်။   

္နနဗ ၏ အဆိုအရ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား အကျိုးတူကုန်သွယ်မှု ပမာဏသည် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၉ဝ၁ ဒဿမ ၃ သန်းရှိခဲ့ပြီး၊ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပို့ကုန်တန်ဖိုးမှာ အဆိုပါ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ရ၂၇၂ ဒဿမ ၈၅ သန်းရှိကာ၊ အိန္ဒိယမှ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၃ ဒဿမ ၄၆ သန်း ရှိသည်။

TATA Motors Ltd. သည် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး ထရပ်ကား ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး၊ ကမ္ဘာ့ ဒုတိယအကြီးဆုံး ဘတ်စ်ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။

Most read this week