နယူးဒေလီ (မဇ္ဈိမ)။ ။ တောင်းဆိုထားသည့်အတိုင်း စစ်အစိုးရက လမ်းပြမြေပုံတွင် အပြောင်းအလဲများ မပြုလုပ်ပါက ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မည်သည့်ပုံစံဖြင့် ဖိအားပေးသည်ဖြစ်စေ လိုက်လျောမည် မဟုတ်ဟု ကရင်တိုင်းရင်းသား လက်နက်အဖွဲ့ ကရင်အမျိုးသား အစည်းအရုံးက ယနေ့ ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး - KNU က ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားသော်လည်း၊ စစ်အစိုးရ၏ ဖွဲ့စည်းပုံဥပဒေကို ပြန်လည်ပြင်ဆင်ရန် မိမိတို့၏ တောင်းဆိုချက်အပေါ် အခိုင်အမာ ဆက်၍ ရပ်တည်မည်ဟု KNU ၏ ဒု-ဥက္ကဋ္ဌ ဒေးဗစ်တာကပေါ က ပြောဆ်ုခြင်း ဖြစ်သည်။
KNU က အားလုံး ပါဝင်သည့် ဆွေးနွေးပွဲကို အခြေခံသော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို တောင်းဆိုထားပြီး စစ်အစိုးရ၏ အဆင့် ရ ဆင့်ပါ လမ်းပြမြေပုံကို သပိတ်မှောက်ခဲ့သည်။
“စစ်အစိုးရရဲ့ လမ်းပြမြေပုံနဲ့ ပတ်သက်ရင် ကျနော်တို့ရဲ့ ရပ်တည်ချက်က ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကို လက်မခံနိုင်ပါဘူး” ဟု ဒေးဗစ်တာကပေါ က မဇ္ဈိမကို ပြောသည်။
မည်သို့ပင်ဖြစ်စေ စစ်အစိုးရက ဖြစ်ပွားဆဲ မြန်မာနိုင်ငံ၏ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည်ဟု ဆိုပါက KNU က မြန်မာစစ်အစိုးရနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောသည်။
“စစ်အစိုးရကသာ ပြဿနာတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းချင်စိတ် ရှိတယ်ဆိုရင် ကျနော်တို့ကလည်း သူတို့နဲ့ ဆွေးနွေးမှာပါ” ဟု သူက ပြောသည်။
သို့သော် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အရင်ဆုံး ခေါ်ယူရန်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် KNU က စစ်အစိုးရကို ဆက်လက် တောင်းဆိုကြောင်း သူက ဆက်ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး KNU ကို ဖျောင်းဖျပေးပါရန် စစ်အစိုးရက သူ့ကို မေတ္တာ ရပ်ခံခဲ့ကြောင်းဖြင့် တနင်္ဂနွေနေ့က မြန်မာနို်င်ငံသို့ ၂ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်း (ုေျငအ ္စငမသာပေ) က ယမန်နေ့က ပြောသည်။
KNU က ယခုထိ ထိုင်းအစိုးရထံမှ ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ တရားဝင် ဆက်သွယ် အကြောင်းကြားမှု မရှိသေးကြောင်းဖြင့် တာကပေါက ပြောသည်။
ပြီးခဲ့သော လကတည်းက ထိုင်းအစိုးရက KNU ကို နောက်ထပ် ဖိအားများ ပေးခဲ့ပြီး သူတို့ပိုင်နက် နယ်မြေမှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သည်။ ယင်းသို့ ပြုလုပ်ခြင်းသည် မြန်မာစစ်အစိုးရ၏ ဖိအားကြောင့် ဖြစ်နိုင်သည်ဟု မြန်မာအကဲခတ်များက ယုံကြည်ကြသည်။
“ကျနော်တို့ ရုံးတွေအားလုံးကို မြန်မာနိုင်ငံထဲက KNU ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို ပြောင်းရွှေ့ပြီးပါပြီ” ဟု တာကပေါက ပြောသည်။
မြန်မာစစ်တပ်က မြန်မာနိုင်ငံအတွင်း တောင်ငူ၊ ညောင်လေးပင်နှင့် သထုံခရိုင်များတွင် သူတို့ကို ဆက်လက် တိုက်ခိုက်နေကြောင်း သူက ပြောသည်။
သူက “သူတို့ (မြန်မာစစ်တပ်) က ကျနော်တို့ကို နေ့စဉ် တိုက်ခိုက်နေတုန်းပါပဲ” ဟု တာကပေါက ဆက်လက် ပြောကြားသည်။
KNU နှင့် ယင်း၏ လက်နက်ကိုင်တပ်ဖွဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးအတွက် ၁၉၄၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံး ဆန့်ကျင် တိုက်ပွဲဝင်နေသည့် လက်နက်ကိုင် လူမျိုးစု တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်။
ယခင်က KNU သည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း စစ်အစိုးရဝန်ကြီးချုပ် ခင်ညွန့်ကို ရုတ်တရက် ဖယ်ရှား ထုတ်ပယ်လိုက်ပြီးနောက် ဤကြိုးပမ်းမှုများ အားလုံး မအောင်မမြင် ဖြစ်ခဲ့ရသည်။
ဤအချိန်ကတည်းကစ၍ နှစ်ဘက်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့သည်။