၅ နှစ်ခန့်အတွင်း ကလေးစစ်သား ၂ဝ လွတ်မြောက်ဟု လှုပ်ရှားတက်ကြွသူက ပြောဆို

၅ နှစ်ခန့်အတွင်း ကလေးစစ်သား ၂ဝ လွတ်မြောက်ဟု လှုပ်ရှားတက်ကြွသူက ပြောဆို
by -
ကိုဝိုင်း
လွန်ခဲ့သည့် ၅ နှစ်ခန့် ကာလအတွင်း မြန်မာစစ်တပ်မှ ပြန်လွတ်လာသည့် ကလေးစစ်သား ၂ဝ ဦး ရှိကြောင်း ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်နေသူ အန်အယ်ဒီ စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးသက်ဝေက ဆို ...

ချင်းမိုင် (မဇ္စျိမ)။     ။ လွန်ခဲ့သည့် ၅ နှစ်ခန့် ကာလအတွင်း မြန်မာစစ်တပ်မှ ပြန်လွတ်လာသည့် ကလေးစစ်သား ၂ဝ ဦး ရှိကြောင်း ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်နေသူ အန်အယ်ဒီ စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးသက်ဝေက ဆိုသည်။

ကလေးစစ်သား ပပျောက်ရေးအတွက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) တို့နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် သူမှတဆင့် ၂ဝဝ၃-ဝ၄ မှ ၂ဝဝ၈ ခုနှစ်အထိ အမှုပေါင်း ၃ဝ ကျော် တိုင်ကြားလာခဲ့ရာ၊ ၂ဝဝ၄ ခုနှစ်တွင် တပ်တွင်းမှ ပြန်လွတ်လာသည့် ကလေး ၁ဝ ဦးရှိပြီး၊ ၂ဝဝ၇-ဝ၈ ခုနှစ်တွင် ၁ဝ ဦး ရှိကြောင်း သူက ပြောသည်။

ကလေးစစ်သားများမှာ အသက် ၁၂ နှစ်မှ ၁၇ နှစ်အကြား အရွယ်များ ဖြစ်သည်။   

“များသောအားဖြင့် စျေး၊ ကားဂိတ်၊ ရုပ်ရှင်ရုံတို့ကနေ အပြန်မှာပေါ့ဗျာ။ ယူနီဖောင်းဝတ်နဲ့၊ တချို့ကျတော့လည်း အရပ်ဝတ်နဲ့ ရဲလိုလို စစ်သားလိုလိုနဲ့ လာပြီးတော့ ‘အချုပ်ထဲထည့်မယ်၊ အဖမ်းခံရမယ်’ ဆိုပြီး ခြိမ်းခြောက်ပြီးတော့ စစ်တပ်ထဲ ထည့်တာပဲ။ တချို့တလေကျတော့ မိသားစု ဆင်းရဲနွမ်းပါးမှုကြောင့် တပ်ထဲကို ဝင်လိုက်တာလည်း ရှိတာပေါ့” ဟု ဦးသက်ဝေက မဇ္စျိမကို ပြောသည်။

ဦးသက်ဝေသည် ကလေးစစ်သား ပပျောက်ရေးအတွက် ၂ဝဝ၃-ဝ၄ ခုနှစ်အတွင်းမှ စတင်၍ အိုင်အယ်လ်အို၊ အိုင်စီအာစီ တို့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

သူတို့ လက်လှမ်းမီသရွေ့ ကူညီခဲ့သည့် စစ်သားအဖြစ် အဓမ္မစုဆောင်းခံခဲ့ရသော ကလေးများမှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ တွံတေး၊ ဒလနှင့် မအူပင်မြို့နယ်တို့မှ ဖြစ်ကြပြီး ကျောင်းတက်နေဆဲ ကလေးများလည်း ပါဝင်ကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်မှုဖြင့် နောက်ဆုံးလွတ်မြောက်လာသူ ကလေးစစ်သားမှာ မောင်ထွဋ်ဆန်းဦး ဖြစ်ပြီး စစ်သားအဖြစ် အင်းစိန်ဘူတာ၌ အဓမ္မစုဆောင်းခံရစဉ် ၁၉၉၉ ခုနှစ် မေလအတွင်းက အသက် ၁၂ နှစ်သာ ရှိသေးပြီး ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက လွတ်မြောက်လာခြင်းဖြစ်သည်။ ယခုအခါ လှိုင်မြို့နယ်၌ မိသားစုနှင့်အတူ ပြန်လည်နေထိုင်လျက်ရှိသည်။

ယခု သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး ရန်ကုန် အိုင်အယ်လ်အို ဌာနရုံးသို့ ဖုန်းဆက်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ကလေးငယ်များသည် တိုင်းပြည်၏ အနာဂတ်အား ဖန်တီးနိုင်သည့် သူများဖြစ်ခြင်း၊ ပညာမစုံဘဲ တပ်ထဲဝင်ပါက အောက်ခြေ အဆင့်၌ပင် ဘဝပြီးဆုံးသွားမည့် အနေအထားဖြစ်ခြင်း၊ ကလေးများကို ထည့်သွင်းခြင်းကြောင့် တပ်မတော်အတွင်း၌လည်း စစ်သည်စွမ်းရည် မပြည့်ဝစေခြင်း စသည်တို့ကြောင့် စစ်သားပျောက်ရေးလုပ်ငန်းအား အာရုံစိုက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးသက်ဝေက ပြောသည်။

ကလေးစစ်သားအရေးသာမက အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးအတွက်လည်း ကာယကံရှင်များကိုယ်တိုင် အထောက်အထားများဖြင့် တင်ပြနိုင်ရန် အိုင်အယ်လ်အိုနှင့် ဆက်သွယ်ပြီး စနစ်တကျ လုပ်ဆောင်နေကြောင်းနှင့် အထောက်အထား ခိုင်လုံလျှင် အိုင်အယ်လ်အိုက အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဖြေရှင်းပေးကြောင်း သိရသည်။

“အဲဒီမှာ အောင်မြင်တဲ့ အထောက်အထားတွေ ရှိပါတယ်။ အရင်တုန်းကဆို မကွေးတိုင်း အောင်လံမြို့နယ်မှာရှိတဲ့ စိမ်းစိုတဲတိုက် အဓမ္မလုပ်အားပေးခံရလို့ တိုင်ကြားသူ ကိုအေးလွင်ကိစ္စ၊ သူတို့တိုင်ကြားမှုကို အိုင်အယ်လ်အိုက ဆောင်ရွက်ပေးတဲ့အတွက် အဓမ္မခိုင်းစေတဲ့ သစ်တောဦးစီးမှူးတွေကို အရေးယူတာတို့၊ ရယက ဥက္ကဋ္ဌတွေကို အရေးယူတာတို့ ပြုလုပ်လာတယ်။ အဲဒီ ဒေသမှာလည်း အဓမ္မအလုပ်ခိုင်းစေမှု ရပ်သွားတယ်”  ဟု ဦးသက်ဝေက ပြောသည်။

သူက ဆက်ပြီး “အခုနောက်ဆုံးလည်း အောင်လံမြို့နယ်ကပဲ စမ်းကလေးကျေးရွာက လယ်သမားတွေကို အဓမ္မလယ်ယာသိမ်းပြီး စီမံကိန်း သီးနှံတွေ စိုက်ခိုင်းတဲ့ကိစ္စမှာလည်း လယ်သမားတွေ ပြန်လည်လုပ်ကိုင်ခွင့်ရလာတယ်။ လတ်တလော အဓမ္မခိုင်းစေမှုတွေ ရပ်သွားတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရတာဝန်ရှိသူများကမူ မြန်မာနိုင်ငံတွင် ကလေးစစ်သားနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှု မရှိကြောင်း အစဉ် ငြင်းဆိုလေ့ရှိသည်။ နအဖအား လက်နက်ကိုင်၍ ဆန့်ကျင်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများကလည်း ၎င်းတို့ထံတွင် ကလေးစစ်သားမရှိကြောင်း ငြင်းဆိုလေ့ရှိသည်။

သို့သော် မြန်မာနိုင်ငံတွင် ကလေးစစ်သား ရ သောင်းခန့်ရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က ခန့်မှန်းထားသကဲ့သို့ မြန်မာစစ်တပ်မှ ကလေးစစ်သား တပ်ပြေးများ နယ်စပ်ဒေသများသို့ ထွက်ပြေးလာသည့် သတင်းများလည်း ထွက်ပေါ်လေ့ရှိသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC - Convention on the Rights of the Child ကို လက်မှတ်ထိုးထားသည်။

CRC ၏ အပိုဒ် ၃၈ တွင် အသက် ၁၅ နှစ်အောက် ကလေးများကို စစ်သားအဖြစ် သွပ်သွင်းခြင်း မပြုရန် တားမြစ်ထားကာ၊ မြန်မာနိုင်ငံ၏ စစ်မှုထမ်းဥပဒေအရလည်း အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် မစုဆောင်းရန်လည်း ပြဋ္ဌာန်းထားသေးသည်။