ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား နှစ်ဦးထံ ထောင်ဝင်စာ သွားတွေ့ရာ ထောင်မှူးကို ငွေပေးမှသာ အချိန်ကြာကြာနှင့် လွတ်လပ်စွာ တွေ့ခွင့်ရကြောင်း သက်ဆိုင်သူ ဆွေမျိုးများက မဇ္ဈိမကို ပြောသည်။
ထောင်ဒဏ် ၂ နှစ် ကျခံနေရသော ရခိုင်ပြည်နယ် တောင်ကုတ်မြ့ုိမှ လှုပ်ရှားတက်ကြွသူ မနီနီနွယ်မြင့်နှင့် ကိုချစ်မောင်မောင် ကို မိခင်များက ပြီးခဲ့သည့်လအတွင်း ထောင်ဝင်စာ သွားတွေ့ရာ ဘူးသီးတောင်ထောင်မှူး ဦးတင်ထွန်းကို ငွေကျပ် ၅ သောင်း လာဘ်ထိုးခဲ့ရခြင်း ဖြစ်သည်။
“ငွေမပေးတုန်းက အထက်ကလူကြီး လာစရာရှိလို့ အိမ်ထောင်စုစာရင်း ပါလား၊ ရပ်ကွက်ထောက်ခံစာ ပါလားဆိုပြီး ဟိုမေးဒီမေးနဲ့ တပတ်လောက် တွေ့ခွင့်မပေးဘဲ ပြန်လွှတ်တယ်။ ရက်ကြာလာတော့ မခံနိုင်တာနဲ့ ထောင်ဝန်ထမ်း တယောက်ကို အကျိုးအကြောင်းပြောပြီး ငွေပေးလိုက်တော့မှ နီနီမေမြင့်၊ ချစ်မောင်မောင်တို့နဲ့ ထောင်ဗူးဝမှာ ၃ နာရီလောက် စကားပြောခွင့် ရခဲ့တယ်” ဟု မနီနီမေမြင့်နှင့် ဆွေမျိုးတော်စပ်သူ တောင်ကုတ်မြ့ုိခံက ပြောသည်။
မနီနီမေမြင့်၏ မိခင် ဒေါ်မြဦးနှင့် ကိုချစ်မောင်မောင်၏ မိခင် ဒေါ်မခင်မြင့်သည် ပြီးခဲ့သည့်လ ၂၁ ရက်နေ့က တောင်ကုတ်မှ ဘူးသီးတောင်သို့ ထွက်သွားသော်လည်း ၂၈ ရက်နေ့မှသာ တွေ့ခွင့်ရပြီး၊ ယခုလ ၂ ရက်နေ့ကျမှ နေအိမ်များသို့ ပြန်ရောက်ခဲ့ကြသည်။
ဘူးသီးတောင်သို့ မလိခ သင်္ဘောဖြင့် သွားရာ တဦးလျှင် အသွားအပြန်စရိတ် ကျပ် ၆ သောင်း၊ စားစရိတ်နှင့် တည်းခိုခန်းခ ၂ သောင်းကျော်၊ သမီးများအတွက် ငွေကြေး၊ ဆေးဝါး၊ အစားအသောက်နှင့် ထောင်မှူးအတွက် လာဘ်ငွေနှင့်ဆိုပါက တခေါက်လျှင် ကျပ် ၄ သိန်းခန့် လိုအပ်ကြောင်း ကိုချစ်မောင်မောင်၏ ဆွေမျိုးတဦးက ဆိုသည်။
ထောင်ဝင်စာတွေ့စဉ် အကျဉ်းဦးစီး အရာထမ်းက စောင့်ကြည့်နေသဖြင့် ထောင်အတွင်းမှ အခြားအနေများကို သိခွင့် မရသော်လည်း၊ အကျဉ်းသူ သမီးများသို့ ငွေနှင့် ဆေးဝါးများ ပေးသွင်းခွင့်ရကြောင်းနှင့် နှစ်ဦးစလုံး၏ ကျမ္မာရေး ကောင်းမွန်ကြောင်း သိရသည်။ သူတို့နှစ်ဦးကို သီးသန့်ဆောင်များတွင် ထားရှိသည်။
အမည်မဖော်လိုသူ ထောင်ဝန်ထမ်းတဦးက “ဘူးသီးတောင်ထောင်မှာ အကျဉ်းသားနဲ့ ထောင်ဝင်စာတွေ့ရမယ့် ရက်ကို သတ်မှတ်ထားတာ မရှိပါဘူး။ အစိုးရ ရုံးပိတ်ရက်က လွဲပြီးတော့ ကျန်တဲ့နေ့တွေမှာ နေ့စဉ် ထောင်ဝင်စာ လာတွေ့ခွင့် ရှိပါတယ်” ဟု ပြောသည်။
ရိုးရိုးတန်း (သံဇကာခြား) နှင့် အထူးတန်း (သံဇကာမရှိ) တွေ့လိုပါက နိုင်ငံရေးအကျဉ်းသား တဦးအတွက် ကျပ်ငွေ ၂ဝဝဝ မှ ၅ဝဝဝ အထိ ပေးဆောင်ရမှုများ ရှိနေကြောင်း သူက ပြောဆိုသော်လည်း၊ မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
လှုပ်ရှားတက်ကြွသူ နှစ်ဦးသည် ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်းက တောင်ကုတ်-ရန်ကုန်ကားလမ်း၊ တောင်ကုတ်-သံတွဲကားလမ်းနှင့် မြ့ုိပေါ်တွင် ကုန်စျေးနှုန်း ကျဆင်းရေးနှင့် စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်များ ဖြန့်ဝေခဲ့ကြသည်။
လှုပ်ရှားမှုအပြီး အာဏာပိုင်များက ဖမ်းဆီးခဲ့ကာ နိုင်ငံတော် လုံခြံုရေးကို ထိခိုက်စေမှု - ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တောင်ကုတ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် သူတို့ကို ဘူးသီးတောင်ထောင်သို့ ပြောင်းရွှေ့ပစ်ခဲ့သည်။
အဆိုပါ ထောင်ထဲတွင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂ဝ ခန့်ရှိကြောင်း ထောင်ဝန်ထမ်းက ဆိုသည်။