ကရင်သူပုန်များကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရန် ထိုင်းက ဖျောင်းဖျမည်

ကရင်သူပုန်များကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရန် ထိုင်းက ဖျောင်းဖျမည်
by -
ဥဆာ ဖိချိုင်း
မြန်မာစစ်အစိုးရက မေတ္တာရပ်ခံခဲ့ပြီးနောက် ထိုင်းအစိုးရက ကရင်အမျိုးသား အစည်းအရုံးနှင့် တွေ့ဆုံ ဆွေးနွေးကာ အမျိုးသား ရင်ကြားစေ့ရေး အစီအစဉ်တွင် ပါဝင်ရန်နှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ဖျောင်းဖျရန် သဘောတူခဲ့ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာစစ်အစိုးရက မေတ္တာရပ်ခံခဲ့ပြီးနောက် ထိုင်းအစိုးရက ကရင်အမျိုးသား အစည်းအရုံးနှင့် တွေ့ဆုံ ဆွေးနွေးကာ အမျိုးသား ရင်ကြားစေ့ရေး အစီအစဉ်တွင် ပါဝင်ရန်နှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ဖျောင်းဖျရန် သဘောတူခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်း (Kasit Piromya) က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တနင်္လာနေ့က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ၊ မြန်မာ အဆင့်မြင့် အရာရှိကြီးများက ထိုင်းအစိုးရကို တိုင်းရင်းသား သူပုန်တပ်ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပေးရန် မေတ္တာ ရပ်ခံခဲ့သည်ဟု ဆိုသည်။   

“ကေအန်ယူသည် စစ်အစိုးရ၏ အမျိုးသား ရင်ကြားစေ့ရေး အစီအစဉ်တွင် မပါဝင်သေးကြောင်း၊ အကယ်၍ ဆွေးနွေးပွဲ အောင်မြင်ပါက ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ပြဿနာများကိုလည်း ပြေလည် သွားစေလိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း” ဟု မစ္စတာ ကဆစ်က ထိုင်းနိုင်ငံ အမျိုးသား သတင်းဗျူရိုသို့ တယ်လီဖုံးမှတဆင့် အင်တာဗျူး ဖြေကြားရာတွင် ပြောကြားသွားသည်။   

သို့သော် ဆွေးနွေးမည့် အစီအစဉ်ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါ၊ ဤကိစ္စသည် အမျိုးသား လုံခြံုရေးကိစ္စနှင့် ဆက်စပ်နေသဖြင့် ပြော၍ မဖြစ်ကြောင်း သူက ပြောသည်။

ကရင် အမျိုးသားအစည်းအရုံး - ကေအန်ယူ နှင့် ရှမ်းပြည်တပ်မတော် - အက်စ်အက်စ်အေ တို့သည် စစ်အစိုးရ၏ ဒီမိုကရေစီသို့ ကူးပြောင်းရေးအဆင့် ရ ဆင့်ပါ လမ်းပြမြေပုံကို လက်မခံဘဲ လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲကို ဆက်လက် ဆင်နွှဲလျက်ပင် ရှိသည်။

စစ်အစိုးရက ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပြောကြားရာတွင်၊ မြန်မာအစိုးရနှင့် အတိုက်အခံ ပါတီများသည် ယင်းတို့ အတူတကွ လက်တွဲ ဆောင်ရွက်နိုင်မည့် ဘုံဖြေရှင်းနည်း တရပ်ကို လောလောဆယ် ရှာဖွေလျက်ပင် ရှိသေးကြောင်းဖြင့် မစ္စတာ ကဆစ်က ပြောသည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ ပတ်သက် ဆက်နွယ်နေသူအားလုံး ရှင်းရှင်းလင်းလင်းနှင့် မျှမျှတတ ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ် မရှိကြောင်း ပြောကြသည်။

ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာများ၏ ပြဿနာနှင့် စပ်လျဉ်း၍လည်း ဝန်ကြီးက ရှင်းလင်း ပြောကြားရာတွင် သူတို့ကို မြန်မြန်ဆန်ဆန် နိုင်ငံရင်းသို့ ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ခိုလှုံခွင့် လျှောက်ထားသူများ၏ နိုင်ငံသားကိစ္စ လာရောက် စိစစ်ပါရန် မြန်မာအာဏာပိုင်များကို သူ ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ၊ အဆိုပါ လှေစီး ဒုက္ခသည်များကို ထိုင်းနိုင်ငံက ကြမ်းတမ်းစွာ ပြုမူဆက်ဆံခဲ့သည် ဟူသော စွပ်စွဲချက်များကိုမူ ငြင်းဆိုသွားခဲ့သည်။ ဤကိစ္စသည် ဒေသတွင်း အရေးပါသော ပြဿနာတရပ် ဖြစ်လာခဲ့သည်။

လှေစီးဒုက္ခသည်များကို ပုံမှန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး၊ ထိုင်းနိုင်ငံအနေဖြင့် သူတို့အား လူသားချင်း စာနာသည့် အကူအညီများ ပေးအပ်ရန်ကိုသာ အာရုံစိုက် ဆောင်ရွက်နေသည်ဟု မစ္စတာ ကဆစ်က ပြောသည်။

ယခင် ရာထူးမှ ထုတ်ပယ်ခံရသော ထိုင်းဝန်ကြီးချုပ် ထပ်ဆင် ရှင်နဝတ် (Thaksin Shinawatra) လက်ထက်က ထိုင်းထုတ်ကုန်သွင်းကုန် ဘဏ်မှတဆင့် မြန်မာအစိုးရသို့ ပေးအပ်ခဲ့သည့် အငြင်းပွားဖွယ် ဘတ်ငွေ ၄ ဘီလျံ (အမေရိကန် ဒေါ်လာ ၁၁၄ သန်း) ချေးငွေကိစ္စနှင့် စပ်လျဉ်း၍ ဆက်လက် ပြောကြားရာတွင်၊ ဤချေးငွေကို ရန်ကုန်ရှိ ထိုင်းဘုရင့် သံရုံးမှတဆင့် မြန်မာအစိုးရက မှန်မှန် ပြန်လည် ပေးဆပ်လျက်ရှိကြောင်း၊ ”ဤလာဘ်စားမှုသည် ထိုင်းနိုင်ငံ၏ ပြဿနာ သက်သက်သာ ဖြစ်ကြောင်း” မစ္စတာ ဖိရူမ်းက ဆက်ပြောခဲ့သည်။

သူသည် မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့က ၂ ရက်ကြာ တရားဝင် အလည်အပတ်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး၊ အဆိုပါ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချ်ချာချီဝ (Abhisit Vejjajiva) ၏ တရားဝင် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန်နှင့် မိမိကိုယ်မိမိ မိတ်ဆက်ခြင်း၊ နှစ်နိုင်ငံ အကျိုးတူကိစ္စများ ဆွေးနွေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ဆဲဖြစ်သည့် လုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ပြီး၊ ထိုလုပ်ငန်းများတွင် ဆိုင်ကလုံးနာဂစ်ဒဏ်ခံ ဒုက္ခသည်များအား နောက်ထပ် အကူအညီပေးရေး ကိစ္စများလည်း ပါဝင်သည်။