စစ်တပ် သိမ်းပိုက်လယ်ယာတွင် ပိုင်ရှင်များ ပြန်လုပ်ခွင့်ရ

စစ်တပ် သိမ်းပိုက်လယ်ယာတွင် ပိုင်ရှင်များ ပြန်လုပ်ခွင့်ရ
by -
ကိုဝိုင်း
မကွေးတိုင်း အောင်လံမြို့နယ်ရှိ မြန်မာ့ဦးပိုင်စီးပွားရေး ကော်ပိုရေးရှင်း ပိုင်ဆိုင်သည့် ရုံးဆိပ် သကြားစက် အာဏာပိုင်များက ဒေသခံ တောင်သူများထံမှ သိမ်းယူခဲ့သော လယ်ယာအချို့ကို ပိုင်ရှင်များ ပြန်လုပ်ခွင့် ပေးလိုက် ...

ချင်းမိုင် (မဇ္စျိမ)။     ။ မကွေးတိုင်း အောင်လံမြို့နယ်ရှိ မြန်မာ့ဦးပိုင်စီးပွားရေး ကော်ပိုရေးရှင်း ပိုင်ဆိုင်သည့် ရုံးဆိပ် သကြားစက် အာဏာပိုင်များက ဒေသခံ တောင်သူများထံမှ သိမ်းယူခဲ့သော လယ်ယာအချို့ကို ပိုင်ရှင်များ ပြန်လုပ်ခွင့် ပေးလိုက်သည်။

အဓမ္မသိမ်းယူခဲ့သည့် လယ်ယာမြေမှာ ဧက တသောင်းကျော် ရှိသော်လည်း လတ်တလော၌ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (အိုင်အယ်အို) အမှုအမှတ် ၆၆ တွင် အကျုံးဝင်သော လယ်ယာဧက ၂,ဝဝဝ ကျော်သာ ပြန်လည်လုပ်ပိုင်ခွင့် ရနေခြင်းဖြစ်သည်။

အိုင်အယ်အိုမှ Steve Marchall နှင့် နအဖ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး ယုလွင်အောင် တို့ အောင်လံသို့ လာရောက်၍ ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမှုအတွက် ကူညီဆောင်ရွက်နေသူ အောင်လံမြို့မှ ဦးအေးမြင့်က ပြောသည်။

“ပြန်ရတဲ့ ဒေသက သံရွာကျေးရွာအုပ်စုဝင် စမ်းကလေးရွာက တောင်သူတွေပိုင်တဲ့ စမ်းတောင်ကွင်းဆိုတဲ့ လယ်ယာမြေတွေပေါ့။ ၂ဝဝ၇ ခုက အဓမ္မသိမ်းခံရတဲ့ လယ်ယာတွေပေါ့ဗျာ။ Steve Marchall ရဲ့ အဆိုပြုချက်အရဆိုရင် ဧက ၂,ဝဝဝ ကျော်။ ဒုဗိုလ်မှူးကြီး ယုလွင်အောင် စကားအရဆိုရင် တောင်သူတွေကို သူတို့လုပ်ပိုင်ခွင့်ရှိနေတဲ့ မြေတွေကို သစ်တောမြေပဲဖြစ်ဖြစ်၊ စစ်တပ်မြေပဲဖြစ်ဖြစ်၊ သကြားစက်ရုံက မြေပဲဖြစ်ဖြစ် တောင်သူကို ပေးလိုက်ပါ။ အဲဒီလိုတော့ နှုတ်မိန့်နဲ့ ပြောသွားတာပဲဗျ” ဟု သူက မဇ္စျိမကို ပြောသည်။

နှမ်း၊ မြေပဲ၊ ပဲကြီး၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါ စိုက်ပျိုးနေသည့် အဆိုပါ လယ်ယာများကို မြန်မာ့ဦးပိုင်စီးပွားရေးကော်ပိုရေးရှင်းပိုင် အောင်လံမြို့နယ်ရှိ အမှတ် ၅ သကြားစက် စက်ရုံမှူး ဗိုလ်မှူးရဲနိုင်က အဓမ္မသိမ်းယူခဲ့ပြီး ကြံစိုက်ပျိုးရန် ညွှန်ကြားခဲ့သဖြင့် ၂ဝဝ၈ ခုနှစ်တွင် တောင်သူများ စုပေါင်းလက်မှတ်ထိုး၍ အိုင်အယ်လ်အိုထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားထားစဉ်ကာလ အတွင်း၌ပင် အကျိုးမဖြစ်ထွန်းသည့် ကြံကိုမစိုက်ပဲ ဝါစိုက်သည့် တောင်သူများ၏ ဝါပင်များကို ၂ဝဝ၈ ခု ၌ သကြားစက်ရုံမှူးအမိန့်ဖြင့် မြေတူးစက်အသုံးပြု၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။   

အဆိုပါ အမှုများကို စစ်ဆေးရန် ယခုလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အောင်လံ မယက ရုံး၌ ဌာနဆိုင်ရာများနှင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့ (အိုင်အယ်အို) မှ ကိုယ်စားလှယ်များ၊ အိုင်အယ်လ်အိုသို့ ဦးဆောင်တိုင်ကြားသူများ တွေ့ဆုံကြသည်။ ထို့ နောက် တောင်သူများအတွက် ဦးဆောင်၍ အိုင်အယ်လ်အိုနှင့် ပူးပေါင်းဆောင်ရွက်နေသော စမ်းကလေးရွာရှိ ဦးသန်းစိုး၏ အိမ်၌ တောင်သူများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည်။

စုံစမ်းစစ်ဆေးရာတွင် အိုင်အယ်အိုမှ တာဝန်ရှိသူနှစ်ဦးဖြစ်သည့် Steve Marchall နှင့် ထိုင်းအမျိုးသမီး ဥပဒေပညာရှင်၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီးယုလွင်အောင်၊ နေပြည်တော် သတင်းပြန်ကြားဌာနမှ ဒေါ်သင်္ဂီရဲထွန်း၊ မကွေးတိုင်း မြေစာရင်းဦးစီးက ဦးဇော်ဇော်ဦး၊ အောင်လံမှ ကြံဌာနနှင့် သစ်တောဌာနမှ တာဝန်ရှိသူများ ပါဝင်ခဲ့သည်။

တွေ့ဆုံရာတွင် တောင်သူများ လုပ်ကိုင်ခွင့်ရနေသော မြေဧရိယာများကို လုပ်ကိုင်နေသူ အမည်ပေါက်စေရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး ယုလွင်အောင်က “နှုတ်မိန့်” ဖြင့် ပြောကြားသွားခဲ့သည်။

ယင်းနေ့ ညနေပိုင်းတွင် ရေပေါ်ရွာရှိ အစိုးရ မူလတန်းကျောင်း၌ ရေပေါ်၊ ညောင်ပင်ဝိုင်း၊ သပြေပင် စသည့်ရွာများမှ တောင်သူများအား တွေ့ဆုံ၍ ဝါခင်းများကို သကြားစက်က မြေတူးစက်အသုံးပြု၍ ဖျက်ဆီးခဲ့သည့် ကိစ္စ၊ တောင်သူများ အကျိုးမဖြစ်ထွန်းသည့် ကြံကို အဓမ္မစိုက်ပျိုးခိုင်းမှုများနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းသည်။

ယခုလ ၁၂ ရက်နေ့တွင် ရွာသားများကို မယက ရုံးသို့ချိန်းဆို၍ တောင်သူများက တောင်းဆိုသော ဝါခင်းများ ဖျက်ဆီးမှုအတွက် လျော်ကြေးပေးရန်နှင့် အဓမ္မ ကြံစိုက်ပျိုးခိုင်းမှုနှင့် ပတ်သက်၍ အရေးယူရန်တို့ကို ဆွေးနွေးကြရာ ယင်းကိစ္စများနှင့်ပတ်သက်၍ နေပြည်တော်သို့ ဆက်လက်တင်ပြပေးမည်ဟု ဒုဗိုလ်မှူးကြီး ယုလွင်အောင်က ပြောဆိုကြောင်း သိရသည်။

လတ်တလောတွင်မူ တောင်သူများသည် သိမ်းယူခြင်းခံခဲ့ရသော သူတို့၏ လယ်ယာများကို စိုက်ပျိုးရေးလုပ်ငန်းများအတွက် ပြန်လည်ပြင်ဆင်နေကြပြီဖြစ်သည်။

အဆိုပါ အမှုများအတွက် အိုင်အယ်လ်အိုသို့ တိုင်ကြားရာတွင် ကူညီဆောင်ရွက်ပေးသူ အောင်လံမှ ကိုဇော်ဌေးကို စစ်အစိုးရက ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ပြီး သရက်ထောင်သို့ ပို့ထားသည်။ ကိုဇော်ဌေးအတွက် မကွေးတိုင်းတရားရုံးတွင် အယူခံတင်မည် ဖြစ်ကြောင်း သိရသည်။

သူ၏ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူကိုလည်း မကွေးတိုင်းတရားရုံးက ယခုလ အတွင်း ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်ပြီး သရက်ထောင်သို့ ပို့လိုက်သည်။

Most read this week