ဘူးသီးတောင်ထောင်မှ နိုင်ငံရေး အကျဉ်းသား လေဖြတ်

ဘူးသီးတောင်ထောင်မှ နိုင်ငံရေး အကျဉ်းသား လေဖြတ်
by -
ကိုဝိုင်း
မြန်မာပြည်အနောက်ပိုင်း ဘူးသီးတောင်ထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး ယခင်လက လေဖြတ်သွားကြောင်း ယင်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အသက် ၂ဝ နှစ်အရွယ် ကိုမောင်မောင်သက် ...

ချင်းမိုင် (မဇ္စျိမ)။     ။ မြန်မာပြည်အနောက်ပိုင်း ဘူးသီးတောင်ထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး ယခင်လက လေဖြတ်သွားကြောင်း ယင်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အသက် ၂ဝ နှစ်အရွယ် ကိုမောင်မောင်သက်သည် ခြေနှင့်လက်များ လှုပ်ရှား၍ မရဘဲ ဖြစ်သွားခြင်းဖြစ်သည်။

ထောင်တွင်းရှိ အကျဉ်းခန်းများမှာ အစဉ်ပင် စိုစွတ်အေးစက်နေသဖြင့် ယင်းသို့ လေဖြတ်ရခြင်း ဖြစ်နိုင်ကြောင်း ထောင်နှင့် နီးစပ်သူတဦးက ဆိုသည်။

လေဖြတ်သွားသူ အပါအဝင် အခြား နိုင်ငံရေးအကျဉ်းသားများဖြစ်သော ကိုမိုးနိုင်စိုး၊ ကိုချစ်မောင်မောင်၊ ကိုသန်းလွင်တို့သည် ပြီးခဲ့သည့် ပြည်ထောင်စုနေ့၌ သူတို့၏ အကျဉ်းခန်းများ အတွင်းမှနေ၍ တဦးနှင့်တဦး စကားလှမ်းပြောသဖြင့် ထောင်ဝါဒါ ဦးစိန်ထွန်း၏ ရိုက်နှက်မှုကို ခံခဲ့ကြရသေးသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်ကမူ သူတို့သည် တောင်ကုတ်မြို့နယ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဖြစ်ပြီး ပုဒ်မ ၅ဝ၅ (ခ)၊ ၂၉၅ တို့ဖြင့် ထောင်ဒဏ် ၄ နှစ်ခွဲစီ ကျခံနေရသူများဖြစ်ကြောင်း မဇ္စျိမကို ပြောသည်။    

သို့သော် သူတို့၏ ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည်ဟုသာ သိထားပြီး အသေးစိတ် မသိရသေးကြောင်း သူက ဆိုသည်။

ထို့အပြင် ဘူးသီးတောင်ထောင်၌ ထောင်ဒဏ် ရ၉ နှစ် ကျနေသည့် မျိုးဆက်သစ် သျှမ်းပြည်အဖွဲ့ဝင် ဦးထွန်းညိုသည်လည်း လေဖြတ်ခံထားရသည်မှာ ကြာပြီဖြစ်သည်။

ဘူးသီးထောင်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများသည် အခြား ရာဇဝတ်အကျဉ်းသားများကဲ့သို့ ကျန်းမာရေးအတွက် လမ်းလျှောက်ခွင့် မရကြကြောင်းလည်း သိရသည်။

အဆိုပါ ထောင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ကိုအောင်ဇော်ဦး (HRDP)၊ ဦးဟန်စိန် (အန်အယ်ဒီ)၊ ကိုကျော်မင်း၊ ကိုပြည့်ဖြိုးလှိုင်၊ ကိုစည်သူမောင်၊ ဦးထွန်းညို၊ ဦးဇင်းဦးပြည်ကျော်၊ ကိုချစ်မောင်မောင်၊ ကိုသန်းလွင်၊ ကိုမောင်မောင်သက်၊ ကိုမိုးနိုင်စိုး၊ ကိုမိုးကျော်၊ ကိုအောင်နိုင်မင်း၊ ကိုခင်လှ၊ ကိုဇော်နိုင်၊ မနီနီမေမြင့်တို့ ရှိနေကြသည်ဟု  အေအေပီပီ က ပြောသည်။

ဘူးသီးတောင်ထောင်၌ ထောင်ကျ စုစုပေါင်း ၁,၂ဝဝ ခန့်ရှိပြီး အများစုမှာ ရိုဟင်ဂျာများ ဖြစ်သည်။

သူတို့သည် ထောင်တွင်း၌ ခွဲခြားဆက်ဆံခြင်း၊  ဖိနှိပ်ခြင်းတို့ကို ခံရသည်သာမက အုတ်ဖုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ရောကာတာ တည်ဆောက်ရေး လုပ်ငန်းများတွင်လည်း ခိုင်းစေခြင်း ခံနေကြရကြောင်း ယင်းထောင်နှင့် နီးစပ်သူများက ပြောသည်။

မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂,၁ဝဝ ကျော်ရှိနေကြောင်း အေအေပီပီ စာရင်းအရ သိရသည်။