အန်ဒီအေ-ကေ လက်နက်ချရန် အသင့်ရှိ

အန်ဒီအေ-ကေ လက်နက်ချရန် အသင့်ရှိ
by -
ဆော်လမွန်
၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအသစ်က လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်ရန် ပြောလာပါက သူတို့အနေဖြင့် အဆင်သင့်ရှိကြောင်း တရုတ်မြန်မာအခြေစိုက် ကချင်တိုင်းရင်းသား သူပုန်အဖွဲ့တခုက ကြေညာ ...

နယူးဒေလီ (မဇ္ဈိမ) ။     ။ ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအသစ်က လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်ရန် ပြောလာပါက သူတို့အနေဖြင့် အဆင်သင့်ရှိကြောင်း တရုတ်မြန်မာအခြေစိုက် ကချင်တိုင်းရင်းသား သူပုန်အဖွဲ့တခုက ကြေညာလိုက်သည်။   

သူတို့၏ တောင်းဆိုချက်များ ရရှိမည်ဟု သေချာပါက လက်နက်ချရန် အသင့်ရှိနေကြောင်းဖြင့် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) ကို တည်ထောင်သူနှင့် ခေါင်းဆောင်ဖြစ်သူ စခုန်တိန်ယိမ်းက အင်္ဂါနေ့က ပြောဆိုလိုက်ခြင်းဖြစ်သည်။   

NDA-K သည် ထိုအချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) နှင့် ပထမဆုံး အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့သော ကချင် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်က သဘောတူခဲ့သည်။   

“ကျနော်တို့က ကျနော်တို့ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ကျနော်တို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာပါ။ ဒီအခွင့်အရေးတွေ ရမယ်ဆိုတဲ့ အာမခံချက်ရှိရင် ကျနော်တို့က ဘာဖြစ်လို့ လက်နက်ကိုင် တော်လှန်ရေး ဆက်လုပ်နေရဦးမှာလဲ” ဟု ဦးတိန်ယိမ်းက ပြောသည်။

သူပုန်ခေါင်းဆောင်သည် သူတို့၏ တောင်းဆိုချက်များကို ရွေးကောက်ခံ အစိုးရသစ်က ဖြည့်ဆည်းပေးနိုင်လိမ့်မည် ဟူသော လေသံဖြင့် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။   

“ကျနော်တို့ လက်နက်ချဖို့က ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေ၊ ဆန္ဒတွေ ပြည့်ဝရပါစေမယ်ဆိုတာတော့ မြင်ရဖို့လိုတယ်” ဟု သူက ဆက်ပြောသည်။   

မြန်မာစစ်အစိုးရသည် မကြာသေးခင်လများက အပစ်အခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင် သူပုန်အဖွဲ့အားလုံးကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ လက်နက်ချရန် ဖိအားပေးမှုများ တိုးမြှင့်လုပ်ခဲ့သည်။ သူတို့တပ်ဖွဲ့များကို နိုင်ငံရေးပါတီများအဖြစ် အသွင်ပြောင်းလဲ၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်လည်း တိုက်တွန်းခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။   

သို့သော် စစ်အစိုးရသည် ယခုအထိ မည်သည့်ငြိမ်းချမ်းရေးအဖွဲ့ကိုမျှ လက်နက်ချရန် နားမချနိုင်သေးပါ။   

၎င်းတို့ ပြည်သူလူထု၏ လုံခြံုရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေး တိုးတက်ဖွံ့ဖြိုးမှုတို့အတွက် တိုက်ပွဲဝင်နေပါသည်ဟု ဆိုသော  ္ဒီဗ-ု သည် သူတို့၏ မျှော်လင့်ချက်များအားလုံး ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပေါ်ထွန်းလာမည့် အစိုးရသစ် တာဝန်ယူသည့်အချိန်တွင် အကောင်အထည်ပေါ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောပါသည်။   

တရုတ်-မြန်မာ နယ်စပ်တလျှောက် ကချင်ပြည်နယ် အရှေ့မြောက်နယ်မြေတွင် အခြေစိုက်သော NDA-K ကို ယခင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အရာရှိများဖြစ်သော စခုန်တိန်ယိမ်းနှင့် လယောက်ဇော်လွန်းက ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြသည်။   

သို့သော် သတင်းရပ်ကွက်များကမူ NDA-K သည် အပစ်အခတ်ရပ် သဘောတူညီချက် ရရှိပြီးနောက် နိုင်ငံရေးထက် စီးပွားရေးကိုသာ ပိုမိုအာရုံစိုက် လုပ်ဆောင်ခဲ့ကြောင်းနှင့် အချိန်ပြည့် လက်နက်ကိုင် ကေဒါများကို ဆက်လက် ထိန်းသိမ်းထားရှိခြင်းမျိုး မရှိတော့ကြောင်း ပြောသည်။

NDA-K သည် စစ်ရေးနှင့် နိုင်ငံရေးတွင် အင်အားချည့်နဲ့သွားပြီ ဖြစ်ကြောင်းလည်း အဆိုပါ သတင်းရပ်ကွက်က ဖြည့်စွက်ပြောကြားသည်။   

“သူတို့က လူထုအတွက် တာဝန်ယူတော့တာလည်း မဟုတ်တော့ လူထုရဲ့ဘဝ သာယာစိုပြေရေးဆိုတာလည်း  စိတ်ဝင်စားတော့တာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ပြောတာတွေကလည်း ဘာမှ အရေးမပါပါဘူး” ဟု ဤအဖွဲ့နှင့် နီးစပ်သူ အခြား သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောသည်။   

အလားတူပင် တရုတ်-မြန်မာအခြေစိုက် စစ်ရေးကျွမ်းကျင်သူ ဦးအောင်ကျော်ဇောကလည်း NDA-K သည် နောက်ပိုင်းတွင် စစ်ရေးအင်အားနှင့် စွမ်းအားလျော့နည်း ကျဆင်းသွားပြီဖြစ်သဖြင့်၊ အကယ်၍သာ စစ်အစိုးရက လက်နက်ချရန် ပြောလာပါက လက်နက်ချမည်ဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြောပါသည်။   

NDA-K မှာက အခု စစ်သား ၃ဝဝ-၄ဝဝ တဝိုက်လောက်ပဲ ရှိတော့တာ။ စစ်အစိုးရက လုပ်ချင်တယ်ဆိုရင် သူတို့နဲ့ အချိန်မရွေး စေ့စပ်နိုင်တယ်။ ဒီတော့ သူတို့ လက်နက်ချမယ်ဆိုရင်လည်း အံ့အားသင့်စရာတော့ မရှိပါဘူး” ဟု အောင်ကျော်ဇောက ပြောသည်။   

စစ်အစိုးရက KIO ကို အင်အားချည့်နဲ့အောင် လုပ်ရာတွင် NDA-K ကို ကောင်းစွာ အသုံးချနေကြောင်းနှင့် ကချင်တိုင်းရင်းသားများထဲတွင် KIO သည် အဓိက လက်နက်ကိုင် အဖွဲ့ဖြစ်ကြောင်းလည်း သူက ပြောသည်။   

ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးနှင့် အရပ်ဘက် အဖွဲ့အစည်းအားလုံး၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းတည်ထောင်သွားပြီး လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတွင် ယင်းတို့၏ အဖွဲ့ကို ကိုယ်စားပြုပါဝင်ရန် ကိုယ်စားလှယ် ၅ ဦးကို NDA-K က ခန့်အပ် တာဝန်ပေးပြီးဖြစ်သည်။   

တရားဝင် ကြေညာခြင်း မပြုရသေးသည့် အဆိုပါ နိုင်ငံရေးပါတီကို ‘ကချင်ပြည် တိုးတက်ရေးပါတီ’ (KSPP) ဟု ခေါ်မည်ဖြစ်ကြောင်း သတင်းရပ်ကွက်များက ပြောသည်။ ယင်းအဖွဲ့သည် ကချင်ပြည်သူလူထု ကိုယ်စားပြုပါတီအဖြစ် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။