ရန်ကုန်။ ။ အန္တရာယ်ရှိသည့် တားမြစ်ဆိုးဆေး အသုံးပြုသည့် လက်ဖက်ကုမ္ပဏီများကို စျေးများတွင် ပေးသွင်းပြီးဖြစ်သည့် လက်ဖက်များကို ပြန်သိမ်းရန် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ယခုအခါ ညွှန်ကြားလိုက်သည်။
နာမည်ကြီး လက်ဖက်များဖြစ်သည့် အရီးတောင်း၊ ပင်ပျိုရွက်နု အပြင် အခြားလက်ဖက် အမှတ်တံဆိပ် စုစုပေါင်း ၄၃ မျိုးတွင် လူကို အန္တရာယ် ဖြစ်စေနိုင်သည့် အဝါရောင်ဆိုးဆေး Auramine O အသုံးပြုထားကြောင်း ယခုလ ၁၂ ရက်နေ့က တွေ့ရှိပြီးနောက် ယခုဌာန FDA က ယခုလို ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
“သူတို့ကို recall ပြန်လုပ်ခိုင်းထားတယ်။ ဒီ product တွေက မကောင်းဘူး။ recall လုပ်ပြီးတော့မှ သူတို့ brand တွေမှာ ဒါတွေ မပါရဘူးပေါ့နော်။ အဲဒါပြီးမှ ထုတ်ခွင့်ပြန်ပေးမယ်လို့ သူတို့ကို ပြောထားတယ်” ဟု FDA ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာကျော်လင်းက ပြောသည်။
အဝါရောင် ဆိုးဆေးပါသည်ဟု သတ်မှတ် ကြေညာခံထားရသည့် အမည်မဖော်လိုသူ လက်ဖက်ကုမ္ပဏီတခုမှ ပိုင်ရှင်တဦးကလည်း လက်ဖက်များကို ပြန်သိမ်းခြင်း၊ ဖျက်ဆီးခြင်း လုပ်ပြီးမှ ပြန်လည် ရောင်းချခွင့်ပေးမည်ဟု ပြောဆိုကြောင်း ယခုလို ပြောသည်။
“သူတို့ကို စာရင်းပြပြီး ပြန်ပို့တာတို့ ဖျက်ဆီးတာတို့ လုပ်ပြရမယ်ပြောတယ်။ ပြီးမှ ကင်းရှင်းကြောင်း ပြန်ထုတ်ပေးမယ်တဲ့” ဟု သူက ပြောသည်။
အဝါရောင်ဆိုးဆေး Auramine O သည် ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူနှင့် သားရေများကို အရောင်ဆိုးရာတွင် အသုံးပြုသည့် ဆိုးဆေးဖြစ်သည့်အတွက် တာရှည်စားသုံးသူများကို အသည်းနှင့် ကျောက်ကပ်ရောဂါများ၊ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေသည့်အပြင် ကင်ဆာရောဂါများ ဖြစ်ပွားစေကြောင်း သိရသည်။
“ဒီလက်ဖက်က ကျနော်တို့ မြန်မာနိုင်ငံမှာ မြန်မာ့ရိုးရာ အစားအစာဖြစ်တယ်။ လူအများကြီးက စားတယ်ဆိုတော့ Risk ကြီးတယ်ပေါ့ဗျာ” ဟု ဒေါက်တာ ကျော်လင်းက ပြောသည်။
ယခုလို လူကို အန္တရာယ်ဖြစ်စေနိုင်သည့် ဆိုးဆေးများကို အသုံးပြုခဲ့သည်မှာ လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက စတင် တွေ့ရှိခဲ့သော်လည်း Auramine O ဆိုးဆေးကို ယခုလို ကျယ်ပြန့်စွာ အသုံးပြုနေခြင်းကို နောက်ပိုင်းတွင် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ဒီဆိုးဆေးတွေကို သူတို့ သုံးနေတာ တော်တော်ကြာပြီ။ လွန်ခဲ့တဲ့ တနှစ်၊ ၂ နှစ်လောက်ကတည်းက တခုစ နှစ်ခုစ တွေ့တယ်။ တွေ့စတော့ အများကြီး မဟုတ်ဘူးပေါ့နော်။ နောက်မှ စစ်ရင်းစစ်ရင်းနဲ့ တော်တော်များလာတော့ ကျနော်တို့ သတင်းစာထဲမှာ ကြေညာတာပါ။ သို့မဟုတ်ရင် ကုမ္ပဏီ တခုချင်းစီကို ခေါ်ပြီးတော့ သတိပေးမလို့ပါပဲ” ဟု ဒေါက်တာ ကျော်လင်းက ပြောသည်။
စားသုံးသူများကို အသက်အန္တရာယ်ဖြစ်စေနိုင်ကြောင်း အစိုးရထုတ် သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း Auramine O ရာခိုင်နှုန်း အချိုးအစား ပါဝင်မှု၊ ဆိုးဆေးအသုံးပြုသည့် လက်ဖက်အမှတ်တံဆိပ် ကုမ္ပဏီများကို မည်သို့ အရေးယူသွားမည် စသည့် အသေးစိတ် ထည့်သွင်း ဖော်ပြထားခြင်း မရှိပါ။
မြန်မာနိုင်ငံရှိ လက်ဖက်အမှတ်တံဆိပ် အများစုသည် အရောင်ဆိုးဆေးကို ကျယ်ပြန့်စွာ အသုံးပြုနေသော်လည်း နာမည်ကြီး ယုဇနအမှတ်တံဆိပ်ပါ လက်ဖက်နှင့် အချို့လက်ဖက်အမှတ်တံဆိပ်များ ကင်းလွတ်နေသည့်အပေါ် အစိုးရကြေညာသည့် အမှတ်တံဆိပ် ၄၃ ခုတွင် ပါဝင်သည့် လက်ဖက်ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ယခုလို ဝေဖန်ပြောဆိုသည်။
“ဆိုးတာကတော့ ကျနော်တို့မှ မဟုတ်ဘူး၊ အကုန်လုံး ဆိုးနေကြတာ။ ဒီအထဲမှာဆို ယုဇန တံဆိပ်နဲ့ တခြားနာမည်ရ တံဆိပ်တွေ မပါဘူး။ သွားကြည့်၊ သွားစစ်ရင် အကုန်လုံးတွေ့မှာပဲ။ အခုဟာက လက်ဖက်နှပ်တဲ့ လုပ်ငန်းတွေတင် မကဘူး။ လက်ဖက်ရောင်းတဲ့ တောင်သူကပါ ဆိုးပေးလိုက်တာ။ လက်ဖက်ခြောက် သမားတွေဆို ပိုတောင် ဆိုးသေးတယ်” ဟု သူက ပြောသည်။
ယခုလို စားသုံးသူများကို အန္တရာယ်ဖြစ်စေသည့် ဆိုးဆေးအသုံးပြုမှုများကို ငရုတ်သီး၊ မျှစ်၊ အသားကင်များတွင်လည်း တွေ့ရှိရသည်။
“အရင်ကလည်း ကျနော်တို့ သတင်းစာတွေထဲမှာ ကာလာနဲ့ ပတ်သက်ပြီးတော့ ခဏခဏ ကြေညာတယ်။ အရောင်ဆိုးဆေးတွေကို မသုံးပါနဲ့။ မြစ်ထဲမှာ အသားကင်ထဲမှာ ငရုတ်သီးတွေမှာ ဒါတွေ ပါတယ်။ ဒါကြောင့် လူထုတွေ ဒါတွေကို မစားသုံးဖို့ ပညာပေးတယ်” ဟု ဒေါက်တာကျော်လင်းက ပြောသည်။
မြန်မာနိုင်ငံတွင် လဖက်အများဆုံး ထွက်ရှိသည့် ဒေသမှာ ရှမ်းပြည်နယ် နမ့်စမ်မြို့မှ ဖြစ်သည်။
(ပြည်တွင်းပေးပို့ချက်ကို နန်းဒေဝီက ဖြည့်စွက်ရေးသားသည်။)