ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ကန်ဒေါ်လာ ၃၅ ဘီလီယံတန် မြန်မာရေကာတာ စီမံကိန်းများ ရပ်ရန် တောင်းဆို

ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ကန်ဒေါ်လာ ၃၅ ဘီလီယံတန် မြန်မာရေကာတာ စီမံကိန်းများ ရပ်ရန် တောင်းဆို
by -
ဥဆာ ဖိချိုင်း
ဒေသခံပြည်သူများကို ထိခိုက်စေပြီး စစ်အစိုးရအတွက် ဘဏ္ဍာရေး အထောက်အပံ့ ရစေသည့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းများကို ရပ်ဆိုင်းကြပါရန် ကမ္ဘာတလွှားရှိ လှုပ်ရှားတက်ကြွသူများက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို စနေနေ့က တောင်းဆို ...

ချင်းမိုင်။     ။ ဒေသခံပြည်သူများကို ထိခိုက်စေပြီး စစ်အစိုးရအတွက် ဘဏ္ဍာရေး အထောက်အပံ့ ရစေသည့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းများကို ရပ်ဆိုင်းကြပါရန် ကမ္ဘာတလွှားရှိ လှုပ်ရှားတက်ကြွသူများက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို စနေနေ့က တောင်းဆို လိုက်ကြပါသည်။

နိုင်ငံတကာ မြစ်ချောင်းများအတွက် အရေးယူ ဆောင်ရွက်ရေးနေ့ အဖြစ် စနေနေ့က ကျင်းပသော ဆန္ဒပြပွဲများတွင် လှုပ်ရှား တက်ကြွသူများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတို့က ထိုသို့ တောင်းဆိုလိုက်ကြခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း အများအပြားနှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက် (Burma Rivers Network) က စနေနေ့က ထုတ်ပြန်သော ကြေငြာချက်တွင် ရေကာတာများ တည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံ ဒေသခံပြည်သူများ အပေါ် ကျရောက်လာမည့် သက်ရောက်မှုများကို နားလည် သဘောပေါက်ကြပါရန် အဆိုပါ ရေကာတာ တည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများ ဖြစ်သည့် အိမ်နီးချင်းနိုင်ငံများ၊ ရေကာတာ တည်ဆောက်ရေး ကုမ္ပဏီများ၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများကို တောင်းဆိုလိုက်ကြပါသည်။

အဆိုပါကွန်ရက်က ‘မြန်မာပြည် မြစ်ချောင်းများ လွတ်မြောက်ရေး၊ မြန်မာပြည် လွတ်မြောက်ရေးအတွက် အတူတကွ စုပေါင်း တောင်းဆိုကြသည်’ ဟူသော ကြွေးကြော်သံကို ထုတ်ဖော် ကြွေးကြော်ခဲ့ကြသည်။ ထို့ပြင် စီမံကိန်းတည်ရှိရာ ဒေသရှိ ပြည်သူများက အဆိုပါ ရေကာတာ ဆောက်လုပ်ရေး ကိစ္စတွင် ပါဝင်ဆုံးဖြတ်ခွင့်၊ စွမ်းအင် စီမံကိန်းများ ပွင့်လင်း မြင်သာရေး နှင့် ရေကာတာ မဟုတ်သည့် အခြား ပြောင်းလဲ ရွေးချယ်စရာများ ထည့်သွင်း စဉ်းစားနိုင်သည်အထိ အဆိုပါ ရေကာတာ စီမံကိန်းများ တည်ဆောက်ခြင်းကို ရပ်ဆိုင်းထားပါရန်လည်း ဤကြေငြာချက်တွင် တောင်းဆိုထားသည်။

မြန်မာ စစ်အစိုးရသည် မကြာသေးခင် နှစ်များက ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် အနည်းဆုံး ရေကာတာ ၅ ခုတည် ဆောက်မည့် သံလွင်မြစ် အပါအဝင် မြန်မာနိုင်ငံ မြစ်ချောင်းများပေါ်တွင် ရေကာတာများ တည်ဆောက်ရန် သဘောတူ စာချုပ်များကို လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါ သဘောတူစာချုပ်များအရ ရေကာတာ တည်ဆောက်ခြင်း လုပ်ငန်းများကို ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့က ဆောင်ရွက်မည်ဖြစ်ပြီး၊ မြန်မာအစိုးရဘက်က လုပ်ငန်းခွင် လုံခြံုရေးအတွက် တာဝန်ယူကာ ထွက်ရှိလာသော လျှပ်စစ် ဓါတ်အားများကို စီမံကိန်း ပြီးဆုံးပါက အဆိုပါနိုင်ငံများသို့ ရောင်းချရမည် ဖြစ်သည်။

ထိုးအစိုးရကမူ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် လုပ်ကိုင်မည့် စွမ်းအင် စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများမှာ ‘အနာဂါတ် စွမ်းအင် လုံခြံုမှုအတွက်’ ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရေကာတာများမှ စုစုပေါင်း လျှပ်စစ်စွမ်းအင် ၃၅ဝဝဝ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး တန်ဘိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃၅ သန်း ကုန်ကျမည် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်း ပြောဆိုကြသည်။

“အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှ ရရှိလာမည့် ဝင်ငွေနှင့် လျှပ်စစ် ဓါတ်အား ရောင်းချမှုမှ မြန်မာ စစ်အစိုးရသည် ငွေအများအပြား ရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော် ပြည်တွင်းစစ် ဖြစ်အပြီးမှာ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုလဲမရှိ၊ တာဝန်ခံမှုလဲ မရှိခဲ့ပါ။ ဤစီမံကိန်းများမှ ရရှိသော ဝင်ငွေသည် စစ်အစိုးရကို အထောက်အပံ့ ဖြစ်စေ၍ သူတို့၏ အာဏာကို ပိုမို ခိုင်မာစေလိမ့်မည် ဖြစ်သည်” ဟု ကြေငြာချက်က ဆိုသည်။

ချင်းမိုင်အခြေစိုက် သံလွင်မြစ် စောင့်ကြည့်ရေးအဖွဲ့မှ စိုင်းစိုင်းက မဇ္ဈိမကို ပြောကြားရာတွင် မြန်မာစစ်အစိုးရသည် လတ်တလော၌ အဆိုပါ စီမံကိန်း အများအပြားကို ဆက်လက် အကောင်အထည် ဖော်နေသည်ဟု ဆိုသည်။

“စစ်အစိုးရရဲ့ လက်တွဲ လုပ်ဆောင်ဖက် ကုမ္ပဏီက တိုင်းတာရေး လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။ ဒါကြောင့် စီမံကိန်း နယ်မြေမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ၊ အတင်းအကြပ် ရွှေ့ပြောင်းမှုတွေ ဖြစ်ပေါ်လာနေပါတယ်” ဟု သူကပြောသည်။

ဤစီမံကိန်း နယ်မြေများရှိ ပြည်သူ တစုံတဦးကိုမျှ ဤရေကာတာ ဆောက်လုပ်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်တိုင်ပင် ညှိနှိုင်းခြင်း မရှိသေးဟုလည်း အဆိုပါ ကွန်ရက်အဖွဲ့က မှတ်ချက်ချ ပြောကြားပါသည်။

“ရေကာတာများ အားလုံးသည် နိုင်ငံတကာက အသိအမှတ်ပြုထားသော ဇီဝမျိုးစုံမှုကို ခြိမ်းခြောက်နေပြီး၊ ဤရေကာတာ စီမံကိန်းတခုမျှ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လေ့လာ အကဲဖြတ်ခြင်း လုပ်ငန်းများ မလုပ်ရသေး” ဟုလည်း အဆိုပါ အဖွဲ့က ဆိုသည်။

ရှမ်းပြည်နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဝဲကြီးဒေသတွင် ဇီဝမျိုးစုံမှု (biodiversity) ကို လေ့လာချက်အရ ရေကာတာ တည်ဆောက်ခြင်းဖြင့် အပင် ၁၉၄ မျိုးနှင့် မျိုးတုံး ပျောက်ကွယ်တော့မည့် တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၄၂ မျိုး အပါအဝင် ရှားပါးမျိုးစိတ်ပေါင်း ၂ဝဝ ကို အန္တရာယ် ကျရောက်စေလိမ့်မည် ဖြစ်သည်။

အဆိုပါ နိုင်ငံတကာ မြစ်ချောင်းများနေ့ အထိမ်းအမှတ် ကျင်းပခြင်း၏ အစိတ်အပိုင်း တရပ်အနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား ကချင်လူမျိုးများကလည်း ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် (မန်မော်)၊ မန် ဂျယ် (မန်စီ)၊ ရွှေဂူ နှင့် တရုပ်မြန်မာနယ်စပ် လိုင်ဇာ တို့အပြင် ရန်ကုန်မြ့ုိ တို့၌ ဆုတောင်းပွဲများ ကျင်းပ ခဲ့ကြသည်။

အလားတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြ့ုိရှိ မြန်မာ တက်ကြွလှုပ်ရှားသူများနှင့် သူတို့ကို ထောက်ခံသူများကလည်း မြန်မာ နိုင်ငံအနောက်မြောက် ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်မည့် ထမံသီ ရေကာတာ တည်ဆောက်ရေးကို ရပ်ဆိုင်းပါရန် အိန္ဒိယနိုင်ငံကို တောင်းဆိုသည့် ဆန္ဒပြပွဲ တရပ်ကို ကျင်းပခဲ့ကြသည်။

ယခုလောလောဆယ် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကော်ပိုရေးရှင်းများနှင့် အစိုးရများက ဘဏ္ဍာငွေ ထောက်ပံ့၍ တည်ဆောက်နေသော၊ တည်ဆောက်ရန် ပြင်ဆင်နေသော အကြီးစား ရေကာတာပေါင်း အနည်းဆုံး ၂၁ ခု ရှိသည်။ အဆိုပါ ရေကာတာ အားလုံးမှာ မြန်မာနိုင်ငံ၏ အဓိက မြစ်များဖြစ်သော သံလွင်၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် ယင်းမြစ်များ၏ မြစ်လက်တက်များပေါ်တွင် တည်ရှိသည်။ အဆိုပါ မြစ်ချောင်းများ အားလုံးမှာ ယခုထိ အတားအဆီး မရှိ စီးဆင်းနေသော မြစ်များ ဖြစ်သည်ဟု မှတ်တမ်းတင်ထားခြင်း ခံရသော မြစ်ချောင်းများ ဖြစ်သည်။