ကလင်တန်က ဒေါ်စုကို ‘မျှော်လင့်ချက်ရောင်ခြည်’ အဖြစ် ချီးကျူးပြောဆို

ကလင်တန်က ဒေါ်စုကို ‘မျှော်လင့်ချက်ရောင်ခြည်’ အဖြစ် ချီးကျူးပြောဆို
by -
မုံပီး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြန်မာ့ထိန်းသိမ်းခံ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာတဝှမ်းမှ ပြည်သူများအတွက် ‘မျှော်လင့်ချက် လင်းရောင်ခြည်’ ဖြစ်သည်ဟု ကြာသပတေးနေ့က ခေါ်ဆို ...

နယူးဒေလီ (မဇ္ဈိမ) – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်က မြန်မာ့ထိန်းသိမ်းခံနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာတဝှမ်းမှပြည်သူများအတွက် ‘မျှော်လင့်ချက်လင်းရောင်ခြည်’ ဖြစ်သည်ဟု ကြာသပတေးနေ့က ခေါ်ဆိုလိုက်ပါသည်။  

ကြာသပတေးနေ့ကကျင်းပသည့် အမျိုးသမီများ၏သမိုင်းတလတာ ( Women's History Month ) အစီအစဉ်တွင် နိုင်ငံခြားရေးဌာန၌ မိန့်ခွန်းပြောကြားရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကမ္ဘာတဝှမ်းမှ သတ္တိရှိလှသည့် အမျိုးသမီးများကို အတုယူကာလုပ်ဆောင်ကြရန် အမျိုးသမီးများကို တိုက်တွန်းပြော ကြားသွားခဲ့သည်။   

“ကျမ မနေ့ကပြောကြားခဲ့တဲ့၊ တတ်နိုင်သလောက်ကျမ မကြာခဏထုတ်ဖော်ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ အတွင်း အချိန်အများစုကို အကျဉ်းကျခံရင်းကုန်ဆုံးခဲ့ရပေမဲ့လည်း ကမ္ဘာတဝှမ်းလုံးက ပြည်သူတွေအတွက် ခွန်အားနဲ့လွတ်လပ်မှုမှာ မျှော်လင့်ချက်ရောင်ခြည်ဖြစ်မြဲဖြစ်နေပါသေးတယ်” ဟု မစ္စကလင်တန်က ပြောသည်။   

သူမအနေနှင့် အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်နှင့် သွေးစည်းညီညွတ်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး “လွန်ခဲ့သောနှစ်ပေါင်း ၂ဝ အတွင်းအများစုသောအချိန်များတွင် မြန်မာပြည်၌ အကျယ်ချုပ်ဘဝဖြင့်နေထိုင်ခဲ့ရသည့်တိုင် သူမသည် ကမ္ဘာတဝှမ်းလုံးမှ ပြည်သူများအတွက် စိတ်ဓါတ်ခွန်အားဆိုင်ရာ မျှော်လင့်ချက်ရောင်ခြည ်ဖြစ်မြဲဖြစ်နေလျက်ပင်ရှိသည်” ဟု ပြောကြားခဲ့သည်။   

“သူမ (ဒေါ်အောင်ဆန်းစုကြည်) ပြသခဲ့သော စံနမူနာသည် မြန်မာနိုင်ငံတွင်း နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံရ လျက်ရှိသည့် အခြားအမျိုးသမီးများ၊ တိုင်းပြည်ပြင်ပသို့ ထွက်ခွါသွားခဲ့ရသူများ သို့မဟုတ် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဘက်မှုကိုခံနေရသူ အခြားအမျိုးသမီးများအတွက် အထူးသဖြင့်အရေးပါသည်” ဟု မစ္စကလင်တန် ကဆက်လက်ပြောကြားသွားခဲ့သည်။   

မစ္စကလင်တန်သည်လည်း အခြားအမေရိကန်အစိုးရ အဆက်ဆက်ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကိုလွှတ်ပေးရန်၊ အားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို စတင် ပြုလုပ်ပါရန် မြန်မာစစ်အစိုးရကို မကြာခဏ တောင်းဆိုခဲ့သည်။   

တိုင်းပြည်အတွင်းရှိ လူ့အခွင့်အရေးအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် စစ်အစိုးရကို အမေရိကန်ပြည် ထောင်စုကတောင်းဆိုခဲ့ပြီး၊ ဤသို့ အကောင်အထည်ဖော်ရန် ပျက်ကွက်သည်ကို ဒဏ်ခတ်သည့်အနေနှင့် မြန်မာနိုင်ငံအပေါ် တင်းကြပ်သည့် စီးပွါးရေးအရပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။   

ဤအတောအတွင်း ထိုသို့ပိတ်ဆို့အရေးယူမှုများသည် မြန်မာစစ်အစိုးရ၏ အပြုအမူဆိုင်ရာ ပြောင်းလဲမှုများ လိုအပ်သလို ုဖြစ်ပေါ် ပြောင်းလဲလာအောင် လုပ်ဆောင်ရာတွင် ထိရောက်မှုမရှိခဲ့သည်ကို ဝေဘန်သူများကထောက်ပြခဲ့ကြသည်။ ဇန်နဝါရီလတွင် ရာထူးလက်ခံအပြီး သူမ၏ ပထမဆုံးအာရှခရီးစဉ်အတွင်း အမေရိကန်အနေဖြင့် ယင်း၏ မူဝါဒများကို ပြန်လည်သုံးသပ်ဖွယ်

ရှိကြောင်း မစ္စကလင်တန်က အရိပ်အမြွက်ပြောကြားခဲ့သည်။   

၂ဝ၁ဝ ခုနှစ်တွင်ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေငြာထားသော မြန်မာစစ်အစိုးရကမူ သူတို့အနေနှင့် ဒီမိုကရေစီသို့ ရှေးရှုရာ မူဝါဒလမ်းစဉ် ရ ရပ်အတိုင်းမှန်မှန်ကြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ ယခုစစ်အစိုးရ၏ လမ်းပြမြေပုံအဆင့် ၅ ဖြစ်သော လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည်ကို မည်သို့မှထုတ်ဖော်ပြောကြားခြင်းမရှိသေးပါ။   

ယခင်ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ NLD ပါတီသည် အစိုးရနှင့််  တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် မကြာခဏတောင်းဆို ပြောကြားခဲ့သည်။

Most read this week